Monday, September 30, 2013

*"မိဆင်းရဲ"*


 

သည်နေရာသို့
ငါ လာခဲ့သည်၊ ငါ တို့ ပြည်။

ထမင်း ဆီဆမ်း၊ လက်ဖက် ကွမ်းနှင့်
ရေချမ်း တခွက်၊ ထန်းလျက် တခဲ
ထန်းရွက်တဲနှင့်
ပျိုးကြဲစရာ၊ လယ်ယာ တခင်း
ငါ့အားနှင်းသည်
မိဆင်းရဲမည်၊ ငါတို့ပြည်။

အမိ လက်ဆောင်၊ မပြောင်ရောင်လည်း
သားမောင် ပီတိ၊ တိုင်း မသိ။

အမိ တိုင်းပြည်၊ ဆင်းရဲသည်ကြောင့်
မစည် မပင်၊ မရွှင် မလန်း
မျက်နှာနွမ်းကို
ရယ်သွမ်းမသွေးရက်နိုင်ပါ။

အမိ တိုင်းပြည်၊ သက်တမ်း ရှည်၍
ကြည်ကြည် လင်လင်၊ လ၀န်းပြင်သို့
စည်ပင် ထွန်းကား၊ ပါစေ သားဟု
သနား ချစ်ကြင်၊ ကျေးဇူး မြင်၍
တင်ပေဘူးသည့်
ကျေးဇူး တောင်ထု၊ ဆပ်လိုမှုကြောင့်
စုဆဲ ဆောင်းဆဲ၊ တခဲခဲ။

အမိရင်၌
မြပင် သိန်းသန်း၊ စိမ်းလန်းကြစေ။

ဟုတ်မှန် ကျန၊ ပုဒ်ပါဒတို့
နားကြ ၀ဲဝဲ၊ မြဲကြပါစေ။

အမိ သွေး၌
လေးမြတ်ဖွယ်ရာ၊ ကရုဏာနှင့်
မေတ္တာ စိတ်ဓာတ်၊ လှည့်ပတ်ကြစေ။

အမိ ဦးခေါင်း၊ စိုက်ဆောင်း လွှင့်ထူ
သရဖူကို
မည်သူ သည်မျှ၊ ချူမရစေ။

ဆင်းရဲခြင်းနှင့်၊ မိတ်ရင်းမှန်ဘိ
အို . . . အမိ။

အမိ၏ သား၊ ငါတို့ ကားလျှင်
တရား စောင့်သိ၊ တို့ မွေးမိ၏
မွှေးတိ ကြိုင်ထုံ၊ မြတ်သောဂုဏ်ကို
အာရုံပြုကာ နေမြဲကို။

စကား ဖြောင့်မှန်၊ တွေး ကြံ စွမ်းရှိ
သမာဓိနှင့်၊ ဘူမိ ပမာ
သည်းခံစွာဟု
မြန်မာ မိကောင်း၊ ဂုဏ် အပေါင်းကို
နှစ်ထောင်း ကြည်ညို နေမြဲကို။

အမိထံ၌
ဦးဆံ ဖြေခင်း၊ ပျပ်ဝပ် စင်းလျက်
မိမင်း ကျေးဇူး၊ ဆပ်ပေဦးအံ့။

ပန်းဖူးကြိုင်စွာ၊ လက်အုပ်ကြာဖြင့်
ငါ၏အစွမ်း၊ တလက်ဆွမ်းကို
ဝမ်းမြောက် ပျုငှာ၊ လက်ခံပါလော့
မြန်မာမိခင်၊ အို . . . မိခင်။

တင်မိုး

၁၂၊ ၂၊ ၆၉ မှ ၂၇၊ ၅၊ ၇၀
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...