Monday, September 30, 2013

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်


------------------------------

-------------------

တောရော မြို့ပါ ၊ ပြောကြပါရဲ့

"မသာတစ်ခေါက် ၊ ကျောင်းဆယ်ခေါက်"တဲ့။

ပေါက်တူး ဂေါ်ပြား ၊ ဆွဲကိုင်ထားပြီး
မြေသားတူးမှု ၊ နေစဉ်ပြုသည့်
သုဘရာဇာ ၊ ထိုလူစွာသည်
မသာကိုယ်ရုပ် ၊ အကောင်ပုပ်ကို
မြှုပ်တိုင်း မြှုပ်တိုင်း ၊ မြင်တွေ့တိုင်း၌
ကသိုင်းကို ပြု ၊ ဖြစ်ပျက် ရှုလျှင်
သူ့ပြင် တခြား ၊ ဘယ်လူသားက
တရား ရလွယ်နိုင်မည်နည်း။

လွယ်မယောင်နဲ့ ခက် ၊ တိမ်သယောင် နက်သည့်
ဖြစ်ပျက်ကို ကြည့် ၊ အမှန် သိဖို့
ဝိပဿနာ ၊ လုပ်မှသာလျှင်
ခန္ဓာက ပြော ၊ ဓာတ်သဘောကို
မနောက သိ ၊ ဖြစ်ပျက် မိ၍
ဒိဋ္ဌိ ကင်းကွာ ၊ နိရောဓာကို
မှန်စွာ ရနိုင် ရောက်နိုင်၏။

အကြောက်တရား ၊ ကြီးသည့် များသည့်
မုသားကမ္ဘာ ၊ ဤလူ့ရွာတွင်
မသာကိုယ်ကြီး ၊ ခင်တွယ်ပြီးတော့
သေနည်း မရှာ ၊ အဝိဇ္ဇာဖြင့်
တဏှာဗိုလ်လုပ် ၊ နာမ်နှင့် ရုပ်က
သုဿာန်တစ ၊ သင်္ချိုင်းဝထိ
"မသာတစ်ခေါက် ၊ ကျောင်းဆယ်ခေါက်"ဟု
နောက်မှ လိုက်ကာ ၊ ပို့ဆောင်ပါလည်း
ခန္ဓာဉာဏ်သိ ၊ မှန် မကြည့်သော်
မည်သည့်တရား ရမည်နည်း။ ။

ကျော်မိုး ( စကားဝါမြေ )
၁၃၊၇၊၂၀၁၃(စနေနေ့)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...