Friday, September 6, 2013

ကမ္ဘာ့ဥာဏ်အကောင်းဆုံး တိရစ္ဆာန် - Koko


အမေရိကန်သင်္ကေတ ဘာသာရပ်အရ သင်္ကေတပေါင်း ၁ထောင်၊ အင်္ဂလိပ် စကားလုံေးပါင်း ၂ထောင်ကျော်ကို နားလည်တဲ့အတွက် ကမ္ဘာ့ဥာဏ် အကောင်းဆုံး တိရစ္ဆာန်လို့ မျောက်ဝံ Koko ကို သတ်မှတ်ထာပါတယ်။

အသက် ၄၁ နှစ်ရှိပြီဖြစ်ပြီး မျောက်ဝံမ ဖြစ်ပါတယ်။ ထူးခြားချက် တစ်ခုက တိရစ္ဆာငယ်တွေချစ်တတ်ပြီး ကြောင်မွေးရတာ ဝါသနာပါသူလည်း ဖြစ် ပါတယ်။ သူ့ထိန်းကျောင်း မွေးဖွားပေးတဲ့ ကြောင် ပေါင်းများစွာရှိပြီး ဓာတ်ပုံနဲ့တကွ စာအုပ်တောင် ထုတ်ခဲ့ပါသေးတယ်။ တိရစ္ဆာန်က အခြား မျိုးစိတ် တိရစ္ဆာန်ကို ပြန်မွေးတယ်ဆိုတာ တကယ့်ရှားပါးအခြေအနေ တစ်ခုပဲ ဖြစ်ပါတယ်။

သူ့ရဲ့  လူစကားနားလည်နိုင်စွမ်းဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုတိုးတက်နေပြီး လူသားနီးနီး သိတတ်နားလည်တဲ့ တိရစ္ဆာန် အဖြစ် လက်ခံလာကြပါတယ်။ လက်ရှိ အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်းက တိရစ္ဆာန် ဥယျာဉ်မှာ မွေးဖွားထားပြီး ကမ္ဘာ့ဥာဏ်အကောင်းဆုံး တိရစ္ဆာန် တစ်ကောင် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
--
Ref:wiki
International news for myanmar
--
http://www.innewsmyanmar.com/2013/02/koko.html

လူတွေက ကိုယ့်ကိုယ်ကို ဘာလို့ကလိထိုးလို့မရတာလဲ

 
ဦးနှောက်မှ အရေးကြီးသော အစိတ်အပိုင်း တစ်ခု -- ကြွက်သားမှတ်ဥာဏ်

လူတွေက ကိုယ့်ကိုယ်ကို ဘာလို့ကလိထိုးလို့မရတာလည်း ဆိုတာ ကလေးတွေ မေးလေ့ရှိပါတယ်။ ယင်းအတွက် အဖြေရှိပါတယ်။ ကိုယ့်ကိုယ် ကို ကလိထိုးလို့ မရယ်အောင် တားဆီး၊ သတိပေးနေတဲ့ အရာ ကတော့ ဦးနှောက်ထဲက cerebellum ဆိုတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ သူက မိမိရဲ့  လှုပ်ရှားမှုကို ပြန်လည်မှတ်သား ထားနိုင်တဲ့အတွက် ဘယ်လိုပဲ ကိုယ့်ကိုယ်ကို ကလိထိုးပါစေ ရယ်အောင် မလုပ်နိုင်ပါဘူး။

သူကို ကြွက်သွားမှတ်ဥာဏ်လို့လည်း ခေါ်ပါတယ်။ မိမိခန္ဓာကိုယ် ကြွက်သား ရဲ့  လုပ်ဆောင်ချက် အားလုံးကို မှတ်သားထားနိုင်ပြီး၊ ဦးနှောက်ရဲ့  အသိဥာဏ်နဲ့ ပြန်လည်ပေါင်းစပ်ပေးပါတယ်။ ဥပမာ ပစ်လွတ်လိုက် တဲ့ ဘောလုံး တစ်လုံး ကိုယ့်ဆီရောက်လာရင် လက်က ဖမ်းလိုက်တာဟာ cerebellum က အလုပ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ကြွက်သားများရဲ့  အချက်ကျကျ လုပ်ဆောင်ချက်ကို crerbellum က ထိန်းကွတ်ပေးပါတယ်။

ဥပမာ ဂီတာတီးတဲ့အခါ ဂီတာအပေါ် အာရုံမစိုက်နေသော်ငြားလည်း လက်ကွက် များကို အလွယ်တကူ တီးသွားနိုင်ခြင်း cerebellum လို့ခေါ်တဲ့ ဦးနှောက် အစိတ်အပိုင်းက အလုပ်လုပ်သွားခြင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြွက်သားများရဲ့  လုပ်ရှားမှုတိုင်းကို မှတ်သားထားပြီး သင့်လျော်တဲ့ နေ ရာ တွေမှာ ပြန်လည် အသုံးချပေးပါတယ်။ သို့ပေမယ့် လေဖြတ်ခြင်းနဲ့ အခြားသော ဦးနှေက်နဲ့ဆက်စပ် ရောဂါများ ဖြစ်တဲ့အခါ၊ အသက်ကြီးလာတဲ့ အခါ Crebellum ရဲ့  လုပ်ဆောင်ချက်များ နှေးကွေးလာတတ်ပါတယ်။

ဒါကြောင့် Crebellum ဟာလည်း လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဦးနှောက် အစိတ်အပိုင်း တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: medic-facts
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_18.html

ရှေးဟောင်းယဉ်ကျေးမှု့နယ်မြေ Kanheri Caves

       မေလ ၁၂ ရက် ဒုတိယနေ့မှာတော့ မနက်ပိုင်းမှာ ဦးဂိုအင်ကာ ရဲ့ Global Pagoda ရွှေတိဂုံ ဘုရားကို သွားရောက်ဖူးမျှော်ကြပြီး နေ့လည်ပိုင်းမှာ Sanjay Gandhi National Park အတွင်း ဧရိယာမှာ ရှိနေတဲ့ ခန်ဟီရီ လှိုင်ဂူများ Kanheri Caves ခေါ်တဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့နယ်မြေကို လေ့လာဖြစ်ခဲ့တယ်။

    တကယ်တော့ ဒီလှိုင်ဂူတွေဟာ အမည်းရောင် ကာလာများ လို့ အဓိပ္ပါယ် ရတဲ့ ကရစ်ရှန ဂီရိ Krishnagiri လို့ ခေါ်တဲ့ ဆန်ဆ ခရစ် Sanskrit ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးပဲဖြစ်တယ်၊
ခနေးရီ Khaneri ဆိုတဲ့ ရှေးအမည်ကနေ ကာလရွေ့လျောက ယခုအခါမှာတော့ ခန်ဟိရီ Kanheri ( အနက်ရောင် တောင်တန်း ) လို့ ခေါ်ဆိုနေကြတယ်၊

      သမိုင်းများ၏ အဆိုအရ ဘီစီ ၁ ရာစု မှ အေဒီ ၉ ရာစု (1st Century B.C. to 9th Century A.D.) အထိ ကာလအတွင်းမှာ ဘုရားရှင်သားတော် ရဟန်းတော်များ စာပေသင်ကြားခဲ့ရာ၊ တရားဓမ္မ ၀ိပဿနာ ကျင့်ကြံအားထုတ်ရာ နေရာအဖြစ် တည်ရှိခဲ့တယ်၊ ကြားဖူးတဲ့ ရာဇ၀င်အရတော့ အိန္ဒိယ မြောက်ပိုင်းဖြစ်တဲ့ ဗုဒ္ဓဂါယာ ဒေသကနေ ရဟန်းတော်များ အန္တရာယ် များတဲ့အတွက် ဘေးရန်ကင်းလွတ်ရာ တောင်ပိုင်းဒေသကို ထွက်ခွာလာကြပြီး အခြေချ နေထိုင် သီတင်းသုံးခဲ့ကြတယ်လို့ ဆိုပါတယ်၊

      ဒီတောင်တန်းတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၅၀၀ ကျော်မှာ တည်ရှိပြီး မွန်ဘိုင်း ( ဘုံဘေ ) မြို့ကနေ ၄၅ ကီလိုမီတာလောက် ကားနဲ့ သွားနိုင်တယ်။
 ထူးခြားတာက ယခုခေတ် ပညာရှင်များ အတုယူစရာဖြစ်တဲ့ ကျောက်ဆစ်ပန်းပု လက်ရာများပဲ ဖြစ်ပါတယ်၊ ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်တွေ သူတို့ခေတ်က ယဉ်ကျေးမှု့ဆိုင်ရာ ရုပ်ပုံတွေ စတဲ့ လက်ရာတွေက မပြည့်စုံ မဖွံ့ဖြိုးသေးတဲ့ ရှေးခေတ်ကလူတွေရဲ့ စွမ်းရည်ကို ဖော်ထုတ်ပြသနေခဲ့တယ်၊

     ရှည်လျားလှတဲ့ တောင်တန်းပေါ်မှာ များပြားလှတဲ့ လှိုဏ်ဂူတွေကို လိုက်လံ ကြည့်ရှု့ရင်း ရင်သပ်ရှုမောပြီး အံ့သြရတယ်၊ နေရာ အသီးသီးမှာ မတူညီတဲ့ ကျောက်ဆစ်လက်ရာတွေကို များပြားစွာ တွေ့ခဲ့ရတယ်၊ လှိုဏ်ဂူတွေ များလွန်းတာကြောင့် ပင်ပန်းပြီး အားလုံး မသွားနိုင်ကြတော့ပါဘူး၊ တဖွဲ့လုံးလဲ မောပန်းနွယ်နယ် နေကြပြီ၊
- မြတ်စွာဘုရားရှင် လက်ထက်တော်ကတော့ ဘုရားရှင်ဆီမှာ ကမ္မဋ္ဌာန်းတောင်းပြီး သစ်တပင်အောက် ၀ါးတပင်အောက် လှိုဏ်ဂူတွေ ထဲမှာ တရားကျင့်ကြံပြီး ပေါက်မြောက်သွားသူတွေ မရေမတွက်နိုင်အောင် များပြားခဲ့တယ်၊ အရိယာကြီးတွေကတော့ ဒီလို နေရာမျိုးမှာ” အဟော သုခံ ၀တ၊ အဟော သုခံ ၀တ “ အော် ချမ်းသာလေစွတကား အော် ချမ်းသာလေစွ တကား လို့ ဥဒါန်းကျူးရင့်လေ့ရှိကြတယ်၊


လှိုဏ်ဂူများ ရှိရာ မြေပုံပါ


စိတ်ချမ်းသာစေမယ့် မိုးရာသီ အနေအထားပါ


အတွင်းမှာ ဒီလို ကျောက်ဆစ်လက်ရာတွေ အများကြီးပဲ



ပုဂံ အာနန္ဒာဘုရားအတွင်းက လက်ရာနဲ့ တော်တော် တူတယ်



လှိုဏ်ဂူအတွင်းဘက်မှာ နေရာတိုင်း ရှိတတ်တဲ့ လက်ရာတွေ



အခုလို နွေရာသီမှာတော့ ပူလောင်ခြောက်သွေ့နေပြီး ချွေးတလုံးလုံးနဲ့ပေါ့


အခု ဒီနေရာမှာလဲ အားလုံး လှိုဏ်ဂူပေါင်း( ၁၀၉ )ခု ရှိပါသတဲ့။ နွေရာသီ နေပူပူနဲ့ အပြန်လမ်းမှာ
တော့ တွေးနေမိတယ် -

"  ဒီလို တောတောင် လှိုဏ်ဂူတွေမှာ ၀ိပဿနာတရား ကြိုးစား အားထုတ်ပြီး အရိယာ ၇ဟန္တာဖြစ်သွားကြတဲ့ ရဟန်းတော်အရေအတွက် ဘယ်လောက် ရှိခဲ့လိမ့်မလဲ " လို့ - - မှန်းဆ ကြည်ညိုရင်း ဆိတ်ဆိတ် နေမိပါတော့တယ်

 http://www.dhammayaungchi.com/2010/05/kanheri-caves.html

အမေရိကန်မှ ၆၄ နှစ်အရွယ် အမျိုးသမီးကြီး ကျူးဘားမှ ဖလော်ရီဒါ ပြည်နယ်သို့ အောင်မြင်စွာ ရေကူးဖြတ်သန်း


 

         အမေရိကန် ပြည်ထောင်စုမှ ဒိုင်ယာနာနက်စ် အမည်ရှိ အသက် ၆၄ နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦးသည် သမိုင်းတွင် မှတ်တမ်း တင်နိုင်သည့် ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာစေရန် အတွက် ကျူးဘား နိုင်ငံမှ ဖလော်ရီဒါ ပြည်နယ်သို့ မိုင် ၁၀၀ ခရီးကို သုံးရက်ကြာ ရေကူးခတ် ပြခဲ့ရာ အောင်မြင်မှု ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အမျိုးသမီးသည် ကျူးဘားနိုင်ငံ ဟာဗားနား မြို့ရှိ လှေလှော်ရွက်တိုက် အဖွဲ့မှ သြဂုတ် ၃၁ ရက်တွင် ထွက်ခွာ ခဲ့ပြီးနောက် ဖလော်ရီဒါ ပြည်နယ် ကီးဝတ်စ် ကမ်းခြေသို့ စက်တင်ဘာ ၂ ရက်တွင် ရောက်ရှိခဲ့သည်။ သူမသည် ၎င်းခရီးစဉ်ကို ၁၂ နာရီ ၅၄ မိနစ် (၁၈ ဒသမ ၆ စက္ကန့်) ဖြင့် ကူးခတ်ပြနိုင် ခဲ့ကြောင်း သူမ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြ ထားသည်။
၎င်းအမျိုးသမီးသည် အဆိုပါ ကြိုးပမ်းမှုကို ယခင်က လေးကြိမ်လုပ်ဆောင် ခဲ့သော်လည်း ရာသီဥတု ဆိုးရွားမှုနှင့် ငါးများ၏ တိုက်ခိုက်မှုကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်းနှင့် ယခု တစ်ကြိမ်မှသာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းစာမျက်နှာတွင် ဖော်ပြထားသည်။

http://myawadynews.blogspot.com/2013/09/blog-post_281.html

မိကျောင်းတစ်ကောင်၏ အမဲလိုက်ခံရသူတစ်ဦးကို ကယ်တင်နိုင်ခဲ့



ကျွန်းငယ်လေး တစ်ခုပေါ်တွင် ရှိနေခဲ့ပြီး ဩစတြေးလျ ကမ်းခြေသို့ ပြန် ရန် ပြင် ဆင်ချိန်တွင် ကြီးမားသော မိကျောင်းတစ်ကောင်၏ ခြိမ်းခြောက် မှုနှင့် ရင်ဆိုင်လာရသည်

ဩစတြေးလျ နိုင်ငံတွင်မိကျောင်းတစ်ကောင်၏ ချောင်းမြောင်း စောင့်ဆိုင်းနေမှုကြောင့် သီတင်း(၂)ပတ်ကြာ ပိတ်မိနေသူ တစ်ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ နယူးဇီလန် နိုင်ငံမှ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားသည် ဩစတြေးလျ အနောက်ပိုင်းတွင် အပျော်တမ်း ကယပ်လှေစီးရန် ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့နောက် ၎င်းသည် ကျွန်းငယ်လေး တစ်ခုပေါ်တွင် ရှိနေခဲ့ပြီး ဩစတြေးလျ ကမ်းခြေသို့ ပြန်ရန် ပြင်ဆင်ချိန်တွင် ကြီးမားသော မိကျောင်းတစ်ကောင်၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်လာရသည်။

၎င်းသည် ကယပ်လှေပေါ် ပြန်တက်ကာ ကျွန်းပေါ်မှ ထွက်ခွာ ရန် ပြင်ဆင်သည်နှင့် အဆိုပါ ရေမုဆိုး သားစား သတ္တဝါကြီးက လှည့်ပတ် ချောင်းမြောင်းနေသဖြင့် သောင်တင် ပိတ်မိနေခြင်းဟု ကယ်ဆယ်ရေးဝန်ထမ်း ဒွမ်မက်လီယော့ဒ်က ABC သတင်းဌာနသို့ ပြောကြားသွားသည်။

မက်လီယော့ဒ်နှင့် အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဂါဗန်နာ ကျွန်းပေါ်တွင် ထွန်းညှိထားသည့် အချက်ပြမီးကို တွေ့ရှိပြီးနောက် သောင် တင်နေသူကို ကယ်တင်နိုင်ခဲ့သည်။ သတင်းများက ပါးနပ်ကြမ်းကြုတ် လွန်းသည့် မိကျောင်းကြီးနှင့် ခြောက်ခြားဖွယ်ရာ အမဲလိုက်ခံရသည့် အတွေ့အကြုံကို ဖြတ်သန်းရင်ဆိုင်ရသူ နယူးဇီလန်သား၏ အမည် ကို ဖော်ပြခြင်း မရှိချေ။ "သူပြောပြတာတော့ မိကျောင်းကြီးက ပေ(၂၀)လောက် ရှိတယ်တဲ့။ ပထမတော့ သူက ကမ်းခြေဘက် လှေလှော်ပြီး ပြန်လာမလို့ပဲ။ ဒါပေမဲ့ လမ်းမှာတင် မိကျောင်းကြီးရဲ့ အာရုံကို မဆွဲဆောင်ဘဲ ပြန်လာဖို့ကတော့ မဖြစ်နိုင်မှန်း သဘောပေါက်သွားလို့ မပြန်ရဲတာပါ"ဟု မက်လီယော့ဒ်က ဆိုသည်။

၎င်းက "သူက လှေနဲ့ ခဏတော့ ထွက်လာသေးတယ်။ ဒါပေမဲ့ လှေနားမှာ မိကျောင်းကြီးက ချောင်းမြောင်းနေတာကို သိလာတော့ ကြောက်လန့်ပြီး ကျွန်းဆီ ပြန်သွားတာပါ"ဟုလည်း ရှင်းပြခဲ့သည်။ မက်လီယော့ဒ်က မိမိကိုယ်တိုင်လည်း အဆိုပါ မိကျောင်းကို မြင်ဖူးကြောင်း ဝန်ခံခဲ့သည်။ "တစ်နေ့ ကျွန်တော့်လှေနားက ရေမျက်နှာပြင်ပေါ်မှာတင် အဲဒီကောင် ကြီးကို တွေ့လိုက်ပါတယ်။ ကျွန်တော့်လှေကို ကျော်သွားတာ သိပ်မြန်တာပဲ။

ပြီးတော့ အနည်းဆုံး ပေ(၂၀)လောက် အသာလေးရှိတယ်"ဟု မက်လီယော့ဒ်က ပြောကြားခဲ့သည်။ ၎င်းက နယူးဇီလန်သား ကမ္ဘာလှည့် ခရီးသည် အသက်မသေခဲ့ခြင်းသည် ကံကောင်းလွန်းကြောင်း မှတ်ချက်ပြုခဲ့သည်။ "မိကျောင်းတွေဟာ ကမ်းခြေနားမှာ သူတို့ရဲ့ သားကောင်တွေကို ချောင်းမြောင်းတဲ့ အလေ့အထက နည်းသွားပါပြီ။ ဒါပေမဲ့ အရမ်း သက်တမ်းရင့်ပြီး ပါးနပ်တဲ့ အကောင်ကြီးတွေမှာတော့ ဒီလိုလုပ်ရပ်မျိုး ရှိနေတုန်းပဲ။ ပြောရရင် သူတို့က လွယ်ကူတဲ့ အစာမျိုးကို ချောင်းနေတာပေါ့။ ဒီလူ အသက်ရှင်နေတာ အင်မတန် ကံကောင်းတာပါ"ဟု ဝါရင့် ကယ်ဆယ်ရေးသမား မက်လီယော့ဒ်က ရှင်းပြသွားသည်။

Planet


https://www.facebook.com/photo.php?fbid=466126340151869&set=a.3510477149930

Thursday, September 5, 2013

ညောင်ရွက်ဖြင့် ဖုန်းဘတ်ထရီကို အားသွင်းနိုင်


သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေ အရ ဖုန်းဘတ်ထရီများကို
ညောင်ရွက်ဖြင့် အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။
သို့သော်လည်းပဲ ယုံကြည်တဲ့သူတွေဟာ အလွန်နည်းပါတယ်။

ဒါကြောင့် လူတွေ အမှန်တကယ် အသုံးပြုနိုင်အောင်

အောက်ပါ အတိုင်း ညွှန်ပြထား ပါတယ်။

၁။ ဖုန်းကာဗာကို ဖွင့်လိုက်ပါ။


၂။ ဖုန်းဘတ်ထရီကို ယူပါ။


၃။ စိမ်းစိုနေသော ညောင်ရွက်နှစ်ရွက်ကို ယူလိုက်ပါ။


၎။ ညောင်ရွက်၏ အရိုးကို ဘတ်ထရီ၏ ထိပ်သို့ ပုံမှာ ပြထားသည့် အတိုင်း

မီးနစ် အနည်းငယ် ထိုးလိုက်ပါ။

၅။ အဝတ်သန့်သန့်ဖြင့် ဘတ်ထရီကို သန့်ရှင်းရေး လုပ်ပါ။


၆။ ဘတ်ထရီကို ဖုန်းထဲသို့ ပြန်ထည့်လိုက်ပါ။


၇။ ထို့နောက် ဖုန်းကို ဖွင့်ပါ။


၈။ ထိုအခါ ဖုန်းအားများ ရရှိလာပါလိမ့်မယ်။


ဖုန်းအားသွင်းဖို့ အခက်အခဲ ဖြစ်သော တောတောင်ထဲမှာ

ဖုန်းဘတ္ထရီ မရှိပါက အထက်ပါ ဖော်ပြပါ အတိုင်း ပြုလုပ်ပါက
မိမိ၏ ဖုန်းအားကို ပြည့်လာစေပါလိမ့်မယ်။ သို့သော် ညောင်ရွက်ကလွဲပြီး
အခြားအရွက်များဖြင့် အသုံးပြုလို့ မရနိုင်ပါဘူး။

ရုက္ခဗေဒ ပညာရှင်တွေရဲ့ အဆိုအရ သစ်ပင်တွေမှာ ရှိတဲ့ စွမ်းအင်တွေနဲ့

လျှပ်စစ် စွမ်းအင်တွေဟာ တစ်ခုနှင့် တစ်ခု ပြန်အလှန် ဆက်စပ်နေတယ်လို့
ဆိုပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

မြေဖြူတားထားသော်လည်း


ပုရွက်ဆိတ်တွေမှာ ထူးခြားချက် ရှိပါတယ်။ ကျနော် ငယ်ငယ်တုန်းက လက်တွေ့စမ်းသပ်ပြီး သိလိုက်ရတဲ့ အရာလေးပါ။ သူတို့ အစာသယ်တဲ့အခါ အသုံးပြုတဲ့ လမ်းကြောင်းကို အင်းဆက်တား မြေဖြူနဲ့တားလိုက် မိပါတယ်။ ဒါနဲ့ ရှေ့ မှာ ခရီးသွားဖို့ ပိတ်ဆို့သွားတယ်လို့ သိလိုက်တဲ့ ပုရွတ်ဆိတ် ဟာ နောက်ပြန်သွားမယ်လို့ ထင်ခဲ့ပါတယ်။ မဟုတ်ပါဘူး။ အနောက်တော့ သွားပါတယ်။ သို့ပေမယ့်တည့်တည့်တော့ မဟုတ်ပါဘူး။ ဘေးဘယ်ညာ လှည့်ပြီး မြေဖြူမတားထားတဲ့ တစ်ဖက်ဖက်ကနေ သူတို့ အိမ်ဆီကို မရောက်ရောက်အောင် သွားပါတယ်။ ဒါနဲ့ မြေဖြူနဲ့လိုက်တား လိုက်တားပေမယ့် နောက်ဆုံးတော့ သူ့အိမ်ကို မရောက်ရောက်အောင် ကွေ့ဝိုက်ပြီး အိမ်ရှိရာကို ပြန်သွားပါတယ်။


သင်ခန်းစာ

ဒီလိုပါပဲ လူတွေဟာ ဘဝအတွက် ရည်ရွယ်ပြီး ပန်းတိုင်တစ်ခုရောက်ဖို့ ကြိုးစားနေချိန်မှာ အတားအဆီးအခက်အခဲဆိုတာ ရှိစမြဲ ဖြစ် ပါတယ်။ ငွေကြေးအခက်အခဲ၊ လူမှုရေး အခက်အခဲ၊ အချိန်အားလပ်မှု ရှိမရှိ အခက်အခဲ နဲ့ အခြားသော အခက်အခဲပေါင်း များစွာက ပိတ်ဆို့စမြဲ ဖြစ် ပါတယ်။ ထိုအခက်အခဲများကြောင့်ပဲ မိမိကိုယ်ကို ယုံကြည်ချက် ပျောက်ဆုံး ကုန်ပြီး ငါဒါမလုပ်နိုင်ပါလားလို့ ခံယူကာ လက်လျော့၊ အဆုံးရှုံးခံ တတ်ကြ ပါတယ်။

 ယင်းအခက်အခဲများက လာရာလမ်းကို ပြန်သွားစေဖို့၊ နောက်ဆုတ်စေဖို့ ရည်ရွယ်တဲ့ အရာများ မဟုတ်ပါဘူး။ ဒီထက်သွားလို့ရတဲ့ လမ်းလေးများ ရှာလိုက်ပါအုံးလို့ အသံထွက်ပြောဆိုနေတယ်လို့ ခံယူရပါမယ်။ ဒါကြောင့် ပန်းတိုင်တစ်ခု၊ ပညာတစ်ခု၊ အခြေအနေ တစ်ခု ရောက်ဖို့ ကြိုးစားနေသူဟာ မိမိကိုယ်ကို ယုံကြည်ချက်ပြည့်ဝနေပြီး တစ်နည်းမဟုတ် တစ်နည်းနဲ့ ရောက်ကိုရောက်ရမယ်၊ ရကိုရရမယ်လို့ ယုံကြည်ထားဖို့ လိုပါတယ်။ ကြိုးစားဖို့လိုပါတယ်။

၁။ ယုံကြည်မှု ရှိမယ်။
၂။ မဆုတ်မနှစ် ကြိုးစားမယ်။

ယင်း ၂ ချက်နဲ့တင် ပန်းတိုင်ကို တစ်နေ့မဟုတ် တစ်နေ့ရောက်နိုင်ပါတယ်။ ဥာဏ်ကောင်းရမယ်၊ ပါရမီရှိရမယ်၊ ကံလိုက်ရမယ် အစရှိသဖြင့် ဆုပ်ကိုင်ပြလို့မရတဲ့အရာတွေကို ငါ့မှာမရှိပါလားလို့ အပြစ်တင်ပြီး လက်လျှော့မယ် ဆိုရင်တော့ တားထာတဲ့ မြေဖြူကြောင့် လိုရာ ခရီးကို ရောက်တော့မှာ မဟုတ်ပါဘူး။
.
အောင်ခမ်း (TSJ team)

ပန်းသီးပင်နှင့် တူသော



ကလေးတစ်ယောက် ဟာ ပန်းသီးပင်အောက်ကို သွားသွားဆော့ပါတယ်။ သစ်ပင်ပေါ်တက် လိုက်၊ လေတိုက်တိုင်းကျတဲ့ သစ်ရွက်တွေ လိုက်ကောက် ရင်း ပန်းသီးပင်နဲ့ ဆော့ရတာ ပျော်ပါတယ်။ ပန်းသီးပင်က လည်း ပျော်ပါ တယ်။

ဒီလိုနဲ့ အသက် ၁၀ နှစ်တန်းကို ရောက်တော့ သူမပျော်တော့ပါဘူး။ သစ်ပင်က ဘာလို့မပျော်လည်း မမေးတော့ ကလေးက အရုပ် ကလေးတွေနဲ့ ဆော့ချင်တယ်လို့ ပြောပါတယ်။ ဒီတော့ သစ်ပင်က သူ့ ကိုယ်ပေါ်က ပန်းသီးများကို ခူးပြီး ရောင်းပါ။ ရတဲ့ ပိုက်ဆံနဲ့ အရုပ်ဝယ်ပါလို့ လမ်းညွန်ပါတယ်။ ကလေးလေးဟာ အားရဝမ်းသာစွာနဲ့ပဲ အသီးတွေ ခူးပြီး ရောင်းပါတယ်။ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အရုပ်ဝယ်ပြီး သစ်ပင်ဆီ ကိုတောင် ပြန်မလာတော့ပါဘူး။

နောက် ၁၀ နှစ်ကျော်ကြာ အသက် ၂၀ ကျော်တန်း ရောက်လာတော့ သစ်ပင်ဆီ တစ်ခေါက်ပြန်ရောက်လာပါတယ်။ ထုံးစံအတိုင်း မိုင်တွေတွေနဲ့ ထိုင်နေပြီး စိတ်ညစ်နေရှာပါတယ်။ သစ်ပင်က သူနဲ့ဆော့ဖို့ခေါ်ပေမယ့် လူငယ်ဟာ ဆော့ရမယ့် အရွယ်မဟုတ်ကြောင်း ပြန်ပြောတော့ ဘာမှ မပြောတော့ပါဘူး။ သို့ပေမယ့် စိတ်ညစ်ရတဲ့ အကြောင်းကို မေးကြည့်တော့

"ကျနော် အလုပ်မရှိဘူး။ အလုပ်လုပ်မှ လူတင့်တည်မှာ" လို့ဖြေပါတယ်။ ဒီတော့ သစ်ပင်က သူ့အကိုင်းအခတ်များကို ပုံမှန်ချိုးခတ်လို့ ထင်းလုပ် ရောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ လူငယ်လေးဟာ သစ်ကိုင်း အခက်အလက်များကို ရောင်းလို့ ဝင်ငွေ အသင့်တင့် ရှိတဲ့ အလုပ်လေး တစ်ခုဖြစ်လာပါတယ်။ ပြီးတော့ နှစ်အတော်ကြာ သူပြန်မလာတော့ပါဘူး။ သစ်ရောင်းရင်း အခြားအလုပ်တွေပါ အဆင်ပြေသွားပြီမို့ ဖြစ်တယ်လို့ ပန်းသီးပင်က သိနေပါတယ်။

ဒီလိုနဲ့ နောက် အနှစ် ၃၀ ကျော်လည်းကြာတော့ အသက် ၅၀ ကျော်အရွယ် လူအို တစ်ဦး ရောက်လာပါတယ်။ သစ်ပင်ကတော့ သူ့ကို မှတ်မိနေတုန်းပါပဲ။ အတူဆော့ဖို့တော့ မခေါ်တော့ပါဘူး။ ဘာလို့ငိုင်နေလဲလို့သာ မေးလိုက် ပါတယ်။ "ကျနော် အသက်ကြီးပြီး အေးအေးဆေးဆေး ခရီးတစ်ခုသွား ချင်တယ်" လို့ဖြေတော့ သစ်ပင်က သူ့အပင်ကိုခုတ်လို့လှေ တစ်ခုဖန်တီး ကာ မြစ်ခရီးသွားနိုင်ကြောင်း ပြောပါတယ်။ ဒါနဲ့ လူအိုဟာ သစ်ပင်ကို ခုတ်လို့ လှေလုပ်ပြီး  ရေလမ်းခရီး နှင်ပါတယ်။

ခရီးက ပြန်ရောက်လာတော့ လူအိုလည်း ပင်ပန်းနေပါပြီ။ သစ်ပင်ရိပ်အောက်မှာ ပြန်လာလှဲနေပါတယ်။ သစ်ပင်က "ပန်းသီးတွေ မရှိတော့ဘူး။ အကိုင်းအခက်လဲမရှိတော့ဘူး။ အမြစ်တစ်ခုပဲ ရှိတော့တယ်။ လိုအပ်ရင် မင်းနှုတ်ပြီး လိုအပ်တဲ့နေရာမှာ အသုံးချနိုင်ပါတယ်" လို့ဆိုတဲ့အခါ လူအိုက "မလိုပါဘူးဗျား။ ကျနော်ဒီအမြစ်ကို မှီပြီး တစ်ရေးလောက် အိပ် ပါရစေ" လို့ပဲ ပြောပြီး အိပ်ပျော်သွားပါတယ်။
---
--
လက်တွေ့ ဘဝ

ပုံပြင်ထဲမှ ပန်းသီးပင်ဟာ လက်တွေ့ဘဝမှာ မိဘ ဖြစ်ပြီး အဖိုးအိုကတော့ သားမီး ဖြစ်ပါတယ်။ မိဘအနေနဲ့ အရိပ်အောက်ကို ရောက်ရှိလာတဲ့ သားသမီး တွေကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးပါတယ်။ အချို့  သော သားသမီးများကတော့ ကိုယ်ကျိုးအတွက် မိဘဆီမှ ရနိုင်သမျှ အသုံးချပြီး ဘာမှ ကြီးကြီးမားမား ပြန်လည်မပေးဆပ်သွားပါဘူး။ သို့ပေမယ့် သားသမီး အဆင်ပြေသွားတာကို ကြည့်ရင်း ရတဲ့ ပီတဟာ မိဘတွေ အတွက် အကျေနပ် ဆုံး အရာ တစ်ခု ဖြစ်ရပါတယ်။ မိဘများကလည်း ပေးနိုင်သမျှ အဆုံးဆုံးထိ ပေးနိုင်တဲ့အချိန်အထိ ပေးဆပ်ပါတယ်။ မိဘကျေးဇူး ဆပ်ဖို့ မေ့နေတဲ့ သားသမီးများ ဖြစ်နေသည့်တိုင် အိုမင်းတဲ့ မိဘရင်ခွင်မှာ တစ်ရေး အိပ်ဖို့ ပြန်ရောက်လာတဲ့ သားသမီးတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆို ပါတယ်။

သင်ခန်းစာ -

မိဘကျေးဇူးဆပ်ပါ။ သေမှ နောင်တ မရနှင့်။

--
Ref:quote
International news for myanmar

ကွယ်လွန်သူ ဟက်ကာတစ်ယောက်အကြောင်း




Aaron Swartz လို့အမည်ရပါတယ်။ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ဖွား လူငယ်တစ်ဦးပါ။

ငယ်ငယ်လေးကတည်းက ကွန်ပြူတာပညာကို တစ်စိုက်မတ်မတ်လေ့လာ ခဲ့ ပြီး  အသက် ၁၃ နှစ်ကစလို့ ဝဘ်ဆိုဒ်နဲ့ လုံခြုံရေး စနစ် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေပြီ ဖြစ်ပါတယ်။ သူ့ကို ယနေ့တိုင် အမေရိကန် ကွန်ပြူတာ ဟက်ကာ၊ ပရိုဂမ်မာ အဖြစ် လူသိများစေပါတယ်။

Reddit တို့လို ကမ္ဘာကျော် ဆိုရှယ်ဆိုဒ်ကို ပူးတွဲတည်ထောင်ခဲ့ သူပါ။ ပြီးတော့ RSS လို့ခေါ်တဲ့ Web Feet format ကို တီထွင် ဖန်တီးမှုထဲမှာလည်း ဦးဆောင်ပါဝင်သူ ဖြစ်ပါတယ်။ w3c, MarkDown တို့မှာလည်း လုပ်ကိုင်ပြီး Wikipeida မှာလည်း အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ ပါသေးတယ်။ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဟားဗတ်စ် တက္ကသိုလ်မှာလည်း research fellow အဖြစ် အသိအမှတ်ပြု ခံရပြီး ပညာရေးမှာလည်း တက်ကြွလှုပ်ရှားပါဝင်ခဲပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်မှာ သူဟာ နိုင်ငံတော်က ပေးအပ်တဲ့ James Madison Award ကို ရရှိခဲ့ပါတယ်။ ယင်းဆုက အစိုးရ ဆိုင်ရာသတင်းအချက်အလက်များအား လုံခြုံအောင် ထိန်းသိမ်းပေးနိုင်သူ အိုင်တီပညာရှင်များကို ပေးအပ်တဲ့ ဆု ဖြစ်ပါတယ်။ အကြီးမားဆုံး အင်တာနက်လုံခြုံရေး အားနည်းချက်ကို ရှာဖွေနိုင်သူကိုလည်း ပေးတဲ့ဆု ဖြစ်ပါတယ်။ ဒါကြောင့် Aaron က ကွယ်လွန်ပြီးမှ ရရှိခဲ့တာပါ။

၂၀၁၁ ခုနှစ်တုန်းကပါ။ JSTOR အမည်ရ အွန်လိုင်းပညာရေး စာကြည့်တိုက်ကနေ သုသေတန စာတမ်းပေါင်း များစွာကို Download ဆွဲယူခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ JSTOR ဟာ နိုင်ငံပေါင်း ၁၆၀ ကျော် ရဲ့  ပညာရေး သုတေသန သတင်းအချက်အလက်များကို သိမ်းဆည်းထားတဲ့ အွန်လိုင်းစာကြည့်တိုက်တစ်ခုဖြစ်ပြီး အချို့ အရာတွေကိုပဲ access ပေးလုပ်တာပါ။ အများစိုကို လျှို့ ဝှက်ထားပါတယ်။ ယင်းအတွက်လည်း ကမ္ဘာ့အတော်ဆုံး ဟက်ကာများ ထားရှိပြီး အချက်အလက်ကို လုံခြုံစေပါတယ်။ တည်ထောင်ပြီး တစ်သက်လုံး တိုက်ခိုက်မှုပေါင်းများစွာ ကြုံပေမယ့် ဘာမှမဖြစ်ခဲ့တဲ့ ယင်း ဆိုဒ်ဟာ Aaron Swartz ကြောင့် သတင်းများ ပေါက်ထွက် စေခဲ့ပါတယ်။  ပမာဏ အတိအကျ မဖော်ပြထားပါဘူး။ သို့ပေမယ့် ယင်းပြစ်မှုအတွက် ထောင်ဒဏ် ၃၅ နှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ သန်းသတ်မှတ်တဲ့အတွက် သတင်းအချက်အလက်အတော်များများ ပါဝင် သွားလို့ ဖြစ်ပါတယ်။

ပစ်မှုအတွက် Aaron Swartz ဟာ တရားရုံးတက်ရမှာပါ။ သို့ပေမယ့် သူ ဆန့်ကျင်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ မှာ ကြိုးဆွဲချ သေနေတဲ့ Aaron Swartz ကို သူ့အခန်းထဲမှာ တွေ့ရှိခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နဲ့တင် ကွယ်လွန်ခဲ့တဲ့ Aaron Swartz ဟာ ကမ္ဘာ့ အတော်ဆုံး ဟက်ကာများ စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။
.
Ref: wiki
Aung Kham (TSJ team)

စွယ်စုံသုံး သတ္တု ဂယ်လီယမ်နှင့် အနာဂါတ် ကမ္ဘာ


ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။

ဂုဏ်သတ္တိ

လက်ပေါ်တင်ထားရင်ရင်တောင် အလိုလိုအရည်ပျော်လောက်အောင် သူ့ရဲ့  ဓာတု ဂုဏ်သတ္တိက ထူးခြားပါတယ်။ အခန်းအပူချိန် (၈၅.၆ ဖာရင်ဟိုက်) ထက် အနည်းငယ် ပိုလိုက်ရင် သူ့အလိုအလျောက် အရည်ပျော်ပါတယ်။ ဒါကြောင့် လက်ပေါ်တင်ထားရင် ကြိမ်းသေအရေ ပျော်ပါတယ်။ ဒါကြောင့် သူ့ကို အသုံးပြုတဲ့အခါ တစ်မျိုးထဲ သန့်သန့် အသုံးပြုလို့ မရပဲ အခြား သတ္တုများနဲ့ ရောစပ်အသုံးပြုမှု များပါတယ်။

အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုမှု

နည်းပညာ ထုတ်ကုန်တော်တော်များများမှာ အသုံးပြုပါတယ်။ ယနေ့ခေတ် စမတ်ဖုန်းတော်တော်များများမှာလည်း ဂယ်လီယမ် သတ္တု (လျှပ်တစ်ဝက် ကူး ပစ္စည်း/ Semiconductor) ကို ထည့်သွင်း အသုံးပြု ထားပါတယ်။ ဖုန်းအကြာကြီးပြောတဲ့အခါ အပူလွန်ကဲပြီး လောင်ကျွမ်းနိုင်တဲ့ amplifier တွေမှာ ဂယ်လ်လီယမ်ကို ထည့်သွင်းထားပါတယ်။ ဖုန်း ကြာကြာ အားသွင်းလို့ မီးလောင်တယ်ဆိုတာ၊ ကြာကြာပြောလို့ အရမ်းပူလာတယ်ဆိုတာ ဂယ်လီယမ် ပါဝင်မှု နည်းတာနဲ့လည်း သက်ဆိုင်ပါတယ်။

လပ်(ပ်)တော့၊ စားပွဲတင်ကွန်ပျူတာ တွေထဲက Chip တွေမှာလည်း Gallium သတ္တုသုံး ဆီမီးကွန်ဒတ်တာတွေ ပါဝင်ပါတယ်။ အပူချိန် လွန်ကဲမှုကို ထိန်းညှိပေးတဲ့ နေရာမှာ သူက အကောင်းဆုံး လုပ်ဆောင်ပေးလို့ ဖြစ်ပါတယ်။ သူချည်းသက်သက်ဆိုရင်တော့ အရည် ပျော်တတ်ပေမယ့်။ သွပ် (zinc)၊ အလူမီနီယမ်တို့လိုနဲ့ ရောစပ် အသုံးပြုတဲ့အခါ အင်မတန် အကျိုးရှိတဲ့ Semiconductor တစ်လုံး ဖြစ်လာပါတယ်။

ဆေးဘက်ဆိုင်ရာ အသုံးပြုမှု

အီလက်ထရောနစ် ပစ္စည်းတွေမှာတင် အသုံးပြုတာ မဟုတ်ပါဘူး။ ဆေးဝါး မှာလည်း အသုံးပြုပါတယ်။ ရေဒီယိုဓာတ်ကြွနည်းပညာ သုံး ပိုးသတ်ဆေးဝါးတွေမှာ Gallium အရည်ကို Percentage အနည်းငယ် ထည့်သွင်းထားပါတယ်။  သွေးထဲ ကယ်လ်ဆီယမ်ဓာတ်အင်မတန် လွန်ကဲတဲ့ ရောဂါမျိုးတွေမှာ သူက သွေးကိုထိန်းညှိပေးခြင်းဖြင့် လုပ်ဆောင်ပါတယ်။ ခန္ဓာကိုယ်တွင်း အူလမ်းကြောင်း၊ လည်ချောင်း -Organ များမှာ အနာတည်၊ ကင်ဆာ ဖြစ်တဲ့အခါ ဂယ်လီယမ် သတ္တုဓာတ်ပါတဲ့ ဆေးဝါးနဲ့ ကုသပါတယ်။

စစ်ဘက်ဆိုင်ရာ အသုံးပြုမှု

စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေမှာလည်း အသုံးပြုပါသေးတယ်။ ပလူတိုနီယမ်တို့လို အန္တရယ်ကြီး လက်နက် ဒုံးကျည်ပစ္စည်းတွေရဲ့  ထိပ်ဖူးမှာ
ဂယ်လီယမ် အလွိုင်းကို ထည့်ထားရပါတယ်။ ပလူတိုနီယမ်ကနေ အလိုလို မြင့်တက်နေတဲ့ Allotropes များဟာ ဒီတိုင်းထားရင် ပေါက်ကွဲ တတ်ပြီး ဂယ်လီယမ်က ထိန်းထားပေးတာ ဖြစ်ပါတယ်။

အထွေထွေ အသုံးပြုမှု

ဂယ်လီယမ်ကို လွယ်လွယ်နဲ့ တူးဖော်ရရှိတာမဟုတ်တဲ့အတွက် အသုံးပြုတဲ့ အခါကျတော့ ကျန်ရှိတဲ့ အစအန အားလုံးက အစ အသုံးဝင်ပါတယ်။ အလူမီနီဟိုက်ဒရောဆိုက်ကို သန့်စင်လို့ ကျန်ရှိတဲ့ မသန့်စင်သော ဂယ်လ်လီယမ်တွေကိုတောင် မှန်၊ ဇွန်း၊ခရင်း၊ အစရှိသဖြင့် အိမ်သုံး ပစ္စည်းတွေမှာ ရောစပ်ထည့်သုံးလို့ ရပါတယ်။ ပိုးသတ်ဆေး၊ ပေါင်ဒါ တွေမှာလည်း အသုံးပြုပါတယ်။ အခြားသော အသုံးပြုမှုပေါင်း မြောက်များစွာလည်း ရှိနေပါသေးတယ်။

ထွက်ရှိသည့် နိုင်ငံ

အမှန်တကယ် တွေ့ရှိတာတော့ ရုရှားနိုင်ငံမှာ စတင်တွေ့ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိအများဆုံး ထွက်နေတဲ့ နိုင်ငံက တရုတ်ပြည်မကြီး ဖြစ်ပါတယ်။ အကောင်းဆုံး အသုံချနိုင်မှုကတော့ အမေရိကန် ဖြစ်ပြီး ကုန်ကြမ်းမရှိလည်း ဓာတ်ခွဲခန်းကနေ ကိုယ်တိုင် ဖန်တီး ထုတ်ယူတဲ့အဆင့်ထိတောင် ပြုလုပ်ကြပါတယ်။ သို့ပေမယ့် မလုံလောက်တဲ့အတွက် မှာယူမှုများ ပြုလုပ်ရပါတယ်။

အနာဂတ်တွင် Gallium ရှားပါးနိုင်မှု

အများစုကို တရုတ်ပြည်မကြီးက ပိုင်ဆိုင်ထားတာဟာ အဓိက ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကွန်မြူနစ် ပေါ်လစီအရ ပြည်တွင်း တွင်းထွက်ကို ပြည်ပ သို့ တင်ပို့မှုများ အင်မတန် တင်းကြပ်ထားပါတယ်။ တော်ရုံ ဝယ်လို့ မရပါဘူး။ တရုတ်ပြည်မှာ တွင်းထွက်ရှိပေမယ့် သန့်စင်မှု လုပ်ငန်းမှာ အားနည်းနေပါတယ်။ ဒါကြောင့် ကိုယ်တိုင် တူးဖော်အသုံးပြုပေမယ့် အနောက်တိုင်းများလောက် ထိထိရောက်ရောက် အသုံးမပြုနိုင်ပါဘူး။ သို့ပေမယ့် ရည်ရွယ်ချက်က ပြည်တွင်း အီလက်ထရောနစ်၊ စစ်ဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာတို့မှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဂယ်လီယမ်တင် မကပဲ ကမ္ဘာ့အရှားပါးဆုံး ၁၀မျိုးသော မက သတ္တု အမျိုးပေါင်း မြောက်များစွာလည်း ပိုင်ဆိုင်ထားပါတယ်။

တရုတ်ပြည်တွင်း စက်မှုလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်နေပေမယ့် သတ္တုအသုံးပြုမှုမှာ အကျိုးသက်ရောက်မှု နည်းတဲ့အတွက် အလဟသ ကုန်ဆုံးသွားမှာကို အနောက်တိုင်းက စိုးရိမ်နေကြပါတယ်။ အမေရိကန်က အဓိက အခံရဆုံး နိုင်ငံ ဖြစ်ပြီး Gallium ရဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဒါကြောင့် ယခုနှစ်လယ်ပိုင်းကစပြီး ကမ္ဘာ့စီးပွားကုန်သွယ်မှုအဖွဲ့အစည်း (WTO) ကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် ထူးခြားလာမှု မရှိသေးပါဘူး။ ဓာတ်ခွဲခန်းကနေ အကုန်အကျ အဆပေါင်းများစွာ ခံပြီး ထုတ်လုပ်ရမယ့် အနေအထားမှာ ရှိပါတယ်။

ဒါကြောင့် အနာဂတ် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှုမှာ ဂယ်လီယမ် နဲ့ အခြား ရှားပါးသတ္တုများ မရှိတော့ဘူးဆိုရင် ဘယ်လို ရှေ့ ဆက်မယ် ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နည်းပညာမှာ ထိပ်တန်း ပြေးတဲ့ အမေရိကန်နိုင်ငံမှာတော့ သုသေတနလုပ်ငန်းနဲ့ ဓာတ်ခွဲခန်းများမှာ ရင်းနှီးမြှုပ်နှံမှုပေါင်း များစွာ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
--
Ref:ABSnew, Wiki
International news for myanmar

ပီဇာက ပေးသော သင်ခန်းစာ



ရောင်းသူ - အကို ပီဇာ ဘယ်နှစ်စိတ်ပိုင်းပေးရမလဲ ။ ၈ စိတ်ပိုင်းလိုက် မယ်နော်။

ဝယ်သူ   - အို....။  ၆ စိတ်ပိုင်းပဲ ပိုင်းပါ။ ၈ စိတ်ဆို  ကျွန်တော်မကုန်ဘူး။

သင်ခန်းစာ ၁ -

ပီဇာတစ်ခုကို ဘယ်နှစ်စိတ်ပဲ စိတ်စိတ် ပမာဏ ပြောင်းလဲ မသွားပါဘူး။ သို့ပေမယ့် စိတ်ကိုတော့ လှည့်စားတယ်။ ဒီလိုပါပဲ လူတွေက ကိုယ် လုပ်ရမယ့် အလုပ်တစ်ခုကို နေ့ရွှေ့ ညရွှေ့ နဲ့ ပြောင်းနေလိုက် တာ ပေါ့သွားမယ် ထင်ပေမယ့် ပြောင်းလဲမသွားပါဘူး။ သို့ပေမယ့်စိတ်ထဲမှာ ပိုပြိးတော့တောင် ဝန်ပိနေတတ်ပါသေးတယ်။

------------------------------------------------------
------------------------------------------------------


ပီဇာ ကို ထည့်တဲ့ ဗူးက လေးထောင့်၊ ဖွင့်ကြည့်တော့ ပီဇာက အဝိုင်း၊ စားမယ်လို့ ယူလိုက်တော့ တြိဂိနီးပါးပုံစံ တစ်ခု။

ဒီလိုပါပဲ မိမိ တွေ့ဆုံကြုံတွေ့နေရတဲ့ လူတွေဟာ အမြင်အားဖြင့် ကွဲပြားတယ်။ အသွင်သဏ္ဍန်အားဖြင့် ကွဲပြားတယ်။ ပင်ကိုယ်စရိုက်အားဖြင့် ကွဲပြားပါတယ်။
--
Ref:quotelvoe
International news for myanmar

ဗုဒ္ဓဘာသာမှာ ငါဘာလေ့လာရမလဲ


...............................................

ငယ်ငယ်တုန်းကပေါ့။ ကျနော်ဆိုရင် ဖတ်စရာ စာအုပ်တစ်အုပ်ဝယ်ဖြစ်တဲ့အခါ ဒီစာအုပ်အသား ဘာနဲ့လုပ်ထားလဲဆိုတာ သိအောင် အသားကို သေချာပွတ်ကြည့်မိတယ်။ စာအုပ်သား ထူပြီး ဖြူနေရင် ဒါဝါးသားကောင်းကောင်းနဲ့ လုပ်တာ ဖြစ်ရမယ်လို့ မှတ်ချက်ချမိတယ်။


ထုတ်ဝေတဲ့ ခုနှစ်ကို ကြည့်မိတယ်။ ဒါက ဘယ်နှစ်ထုတ်လဲပေါ့။ ၁၉၉၅ လို့သိလိုက်ရရင် ၁၉၉၅ ခုနှစ်က ဒီလိုစာအုပ်တွေ ရှိနေပါလား၊ ၉၅ ဆိုတော့ ငါမမွေးခင် ဘယ်နှစ်နှစ်လဲ အစရှိသဖြင့် လိုက်တွေးနေမိတယ်။ နောက် အဖုံးမှာ ဆွဲထားတဲ့ ပုံလေးလှရင် ဒါ ဘယ်နိုင်ငံက အနုပညာ လက်ရာ ဖြစ်ရမယ်။ စာအုပ် မျက်နှာဖုံးက စာလုံး ကာလာရောင်နဲ့ စတိုင်ကို ကြည့်ပြီး ဒီစတိုင်က လှတယ်။ ဒီ font style ကတော့ ဒိတ်အောက်နေပြီ အစရှိသဖြင့်ပေါ့။ ၁၉၉၅ ခုနှစ်က မြန်မာ သုံးတဲ့ Myanmar font တွေ ပုံစံကို ကျနော်မြင်ရတာ ပုံစံတစ်မျိုးပေါက်နေတယ်လေ။ စာမျက်နှာ နောက်ဆုံးကို ကြည့်မိလိုက်တယ်။ အဆုံးကိုတော့မဖတ်သေးဘူး။ အရသာပျက်မှာစိုးလို့၊ နောက်ဆံးမှာ ပုံတွေများလည့်မလားပေါ့။

ပြီးရင်စာအုပ်စစချင်းက အမှာစာမှာ ရေးတဲ့သူရဲ့  အာဘော်ကို သုံးလေးကြောင်းလောက် ဖတ်မိတယ်။ စာအရေးလား၊ စကားအရေးလား။ သူတို့ခေတ်အရေးအသားတွေက ဒီခေတ်မှာ အမြင်ဆန်းတယ်လေ။ သည်၏ သုံးပုံတွေခြားနားတယ်။ လတ္တံ့ ဆိုတာမျိုးတွေ သုံးကြတာ လေ့လာမိတယ်။

ကဲအားလုံး ခြေစ ခေါင်းဆုံး ကြည့်ပြီး စာဖတ်တော့မယ်ဆိုတော့ အချိန်ကြည့်လိုက်တော့ တစ်နာရီ ကုန်လို့ကုန်မှန်းမသိ သိလိုက်ရတယ်။ တော်သေးတာပေါ့။ စာအုပ်က ကိုယ်အပိုင်ဝယ်ထားတဲ့ စာအုပ်မို့။ စာကြည့်တိုက်မှာ ထိုင်ဖတ်နေရင် အချိန်က နှမြောစရာ။ အားလုံး ပြီးတော့မှ စာအုပ်ဖတ်ဖြစ်လိုက်တယ်။ ဒါတောင်ဖတ်ရင်း အာရုံစိုက်ရ မျက်စိငြောင်းလို့ နားလိုက်ဖတ်လိုက်နဲ့ တော်တော်နဲ့ ခရီးမရောက်ဘူး။ စာကို တစ်ကြောင်းချင်းစီ စာလုံးအခွဲ ဆိုလို့ရင်းကို စေ့စေ့ပေါက်ပေါက်သိချင်တဲ့ ဝါသနာကလည်း ထုံတော့ တစ်ပတ်တောင်ကြာသွားပါတယ်။

ဆိုလိုရင်းက ဒီလိုပါ။

ကျနော်တို့ လူ့ဘဝသက်တမ်းက အသက် ၈၀။ ကျနော်ကတော့ ၅၀ ကျော်လောက်နဲ့ တွက်ထားတာ။ ဒီလောက်နည်းတဲ့အချိန်ကာလအတွင်း ဘဝမှာ ဘာတွေ လုပ်ရမလဲ။ များသယောင် ထင်ရတဲ့အချိန်တွေက တစ်ရက်ပြီးတစ်ရက် ကုန်လို့ကုန်မှန်းမသိ ကုန်သွားတယ်။

ယနေ့အထိ ဗုဒ္ဓဘာသာဝင်တွေ အချိန်ကုန်လို့ကုန်မှန်းမသိ ကုန်နေတာ သိသူ နည်းပါလိမ့်မယ်။ ဟုတ်တယ်လေ။ ပုဂံခေတ်က ဘုန်းကြီး အရည်းကြီးလား၊ ဘာသာခြားလား၊ စင်္ကြဝဌာ ရဲ့အလွန်မှာ ဘာရှိလဲ။ ဘုရားက တရားကို ဘယ်ခေတ်စကားနဲ့ ဟောသလဲ။ ဘယ်ခေတ်က ဗုဒ္ဓ နဲ့ ဘုရား အဓိပ္ပါယ်ကွာခြားချက်က ဘယ်လိုလဲ။ ဒီလိုနဲ့ မေးခွန်းပေါင်းများစွာနဲ့ အလုပ်ရှုပ်ခေါင်းရှုပ် နေကြတယ်။ ကျနော်လည်း ခေါင်းအရှုပ်ခံခဲ့ဖူးတယ်။ သူများ ငြင်းခုန်နေတာတွေ အချန်ကုန်ဖတ်ခဲ့ဖူးတယ်။

မြတ်စွာဘုရား ဟောခဲ့ပါတယ်။ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာတရားက သစ္စာ လေးပါးတဲ့။ ဗုဒ္ဓဘာသာ ဘာသာရဲ့  ရည်ရွယ်ချက်က သံသရာဝဋ်ဆင်းရဲက ကျွတ်ဖို့လေ။ အခုက ဘာနဲ့ တူလဲဆို ပန်းထိမ်မတတ်ခင် ရွှေခိုးသင်ရသလိုပဲ။ မတတ်သင့်ဘူး၊ မသိသင့်ဘူးလို့မပြောဘူးနော်။ သမိုင်းဆိုတာ လူတွေမှတ်တမ်းတင်လို့ ဖြစ်လာတာ။ ဆက်ပြီးမှ မှတ်တမ်းတင်မယ့်သူ မရှိရင် နောင် အနာဂတ်မှာ သမိုင်းဆိုတော ပျောက်သွားမှာပေါ့။ ဟုတ်ကဲ့။ ဒါဆိုရင် သမိုင်းလေ့လာ ပါတယ်လို့ ခေါင်းစဉ်ပါ။ ဗုဒ္ဓဘာသာမှာ လေ့လာ၊ ကျင့်ကြံ၊ အားထုတ် အလုပ် သုံးမျိုး ရှိပြီး လေ့လာဆိုတဲ့အထဲမှာ နိဗ္ဗာန်ရောက်ကြောင်းတရားပဲ ပါရှိပါတယ်။ သာသနာ နွယ် ဘုရားသားတော်များက သမိုင်းကုန်ပြန်လှန်တယ်ဆိုတာ သာသနာ ဆက်တည်တံ့ဖို့အတွက် ကြိုးပမ်းနေကြခြင်းပါ။ ခုလောကီ လူပုဂ္ဂိုလ်အချို့ က လေ့လာ၊ ကျင့်ကြံ၊ အားထုတ် အလုပ်သုံးမျိုးကို ကျော်လွန်လို့ သမိုင်းမှာ ငြင်းခုန်ကြေပါတယ်။

ရလာတဲ့ ရလဒ်ကတော့ ဟိုဟာမှန်သလို၊ ဒီဟာမှန်သလို နဲ့ နောက်ဆုံး ဘာမှသိပ်မထူးခြားဘူး။ ကျနော် စစချင်းက ပေးခဲ့တဲ့ ဥပမာလိုပေါ့။ အချိန်က နည်းပါတယ်ဆို ငှားလာတဲ့ စာအုပ်တစ်ခုမှာ ခေါင်းစဉ်ကပါ။ စာအုပ်သားက ဘာနဲ့လုပ်တယ်။ စာလုံး စတိုင်က ဘယ်လိုရှိတယ်။ အဲဒါတွေနဲ့ပဲအချိန်ကုန်သွားကြတယ်။

ကျနော်တို့ လူ့သက်တမ်း ၈၀ ကို ၆၀ နဲ့ပဲတွက်ပါ။ နှစ် ၆၀ အတွင်း လောကီမှာ ဆပ်မကုန်တဲ့ ဝဋ်ကြွေးတွေအတွက် အလုပ်လုပ်နေကြတယ်။ ဖြတ်သန်းနေကြတယ်။ ပျော်မွေ့နေကြတယ်။ အဆင်းရဲခံနေကြတယ်။ အစရှိသဖြင့်ပေါ့။ အချိန်တွေပေါနေပါသလား။ ဒီကြားထဲ လောကုတ္တရာ မှာ လေ့လာ၊ကျင့်ကြံ၊အားထုတ်သုံးမျိုးကို Step by step မသွားနိုင်သေးခင် သမိုင်းမှာ ဘယ်လိုရှိတယ်။ တို့သမိုင်းမှာ ဘာတွေရှိတယ်။  ပြဿနာကတော့ ဘာဖြစ်သင့်တယ်။ ညာဖြစ်သင့်တယ်နဲ့ အမျိုးမျိုး  တွေးခေါ် အငြင်းပွား နေရင်း အချိန်တွေက အကုန်မြန်သွားပြီ။ စီးနေတဲ့ရေကို တားလို့မရဘူး။ စီးနေတာကို မြင်အောင်ကြည့်ပြီး ကိုယ်တရားရသွာဖို့က ပဓနာ ပါ။ ဒီလိုပဲ မိမိကိုးကွယ်တဲ့ သာသနာ့အဆီအနှစ်ကို သေသေချာချာ မသိရသေးချိန် ဘာနဲ့ထုပ်ပိုးထားတယ်ကို လေ့လာနေရင် အချိန်သွားမယ်လေ။ လောကီ နဲ့ လောကုတ် က လေ့လာပုံချင်းမတူပါဘူး။

လေ့လာချင်စိတ်ပြင်းထန်တာကောင်းပါတယ်။ သို့ပေမယ့် အဓိကနဲ့ သာမညကို ခွဲတတ်ဖို့ပါ။ အဓိကကို ဦးစားပေးလို့ သာမညကို ဆက်သွားနိုင်ပါတယ်။ သာမညကို ဦးစားပေးရင် အချိန်တွေ ကုန်တဲ့အခါ ဖတ်လို့မပြီးတဲ့ စာအုပ်အတွက် တစ်ချိန်ကျရင် နောင်တ ရနေမိမှာပါ။
.
အောင်ခမ်း (Myanmar Young Buddhist)

ဈေးအကြီးဆုံး မျောက်


 

နိုင်ငံခြားသား ဧည့်သည် တစ်ယောက်ဟာ တိရစ္ဆာန်အရောင်းဆိုင်ကို ဝင်လာပြီး လေ့လာပါတယ်။ သူလေ့လာနေစဉ်မှာပဲ လူတစ်ဦး ဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၅ ထောင်ပေးပြီး ဝယ်သွားပါတယ်။


ဒါကြောင့် အင်မတန် အံ့သြသွားတဲ့ နိုင်ငံခြား ဧည့်သည်က ဆိုင်ပိုင်ရှင်ကို မျောက်ဈေးကြီးရတဲ့ အကြောင်း သိရအောင် မေးပါတယ်။ ဆိုင်ပိုင်ရှင်က ယခုလို ဖြေပါတယ်။

“ဟုတ်ကဲ့။ အစောက ရောင်းလိုက်တဲ့ မျောက်က C programming တတ်တယ်။ အဲဒါကြောင့် ကန်ဒေါ်လာ ၅ ထောင်တန်ရခြင်းပါ”
ဒါနဲ့ အံ့သြစွာနဲ့ပဲ နိုင်ငံခြား ဧည့်သည်ဟာ ဆိုင်မှာ ထပ်ကြည့်ရင်း ကန်ဒေါ်လာ ၁ သောင်းတန် မျောက်ကို တွေ့ပါတယ်။ ဒါနဲ့ သူကလည်း ဘာလို့ ကန်ဒေါ်လာ ၁ သောင်းတန်လဲ သိရအောင်လို့ မေးတဲ့အခါ

“ဟုတ်ကဲ့။ အဲ့ဒီမျောက်က Visual C ++ programming လည်းရတယ်။ Object-oriented programming နဲ့ Java လည်း နည်းနည်းထပ်ရသေး တယ်။ အဲဒါကြောင့် ဒီမျောက်က အမေရိကန်ဒေါ်လာ ၅ သောင်း တန်ရခြင်း ပါ။”

ဒါနဲ့ နိုင်ငံခြား ဧည့်သည်ဟာ အမေရိကန်ဒေါ်လာ ၅ သောင်းတန်တဲ့ မျောက် ကျတော့ ဘာတတ်လဲလို့ မေးတဲ့ အခါ ဆိုင်ပိုင်ရှင်က ယခုလို ဖြေပါတယ်။

“ဟင့်အင်း။ အဲ့မျောက်က ဘာလုပ်တတ်လဲတော့ ကျနော်တို့လည်း သေချာ မစစ်ဆေးရသေးဘူး။ သို့ပေမယ့် အစောက မျောက်နှစ်ကောင်စလုံးက သူ့ကို ဘော့စ် လို့ ခေါ်နေတာမို့ ကန်ဒေါ်လာ ၅ သောင်း ဈေးတင်ထားတာပါ”
.
Ref:techjoke
Aung Kham (TSJ team)

ကြက်ဥပြုတ်သည်ဘဝမှ အိုင်တီ Developer တစ်ယောက် ဖြစ်လာသူ


အမည် အပြည့်အစုံကတော့ Emerson Paguia လို့ခေါ်ပါတယ်။ ဖလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာ နေထိုင် ပါတယ်။ မိဘဆင်းရဲတာကြောင့် အထက်တန်းကျောင်းသာ ပြီးအောင်တတ်နိုင်ခဲ့ပြီး တက္ကသိုလ်ဆက်မတတ် နိုင်ခဲ့ပါဘူး။


ဒါကြောင့် မနီလာမြို့ ကိုသွားပြီး အလုပ်သွားလျှောက်တဲ့အခါ ဘယ်ကုမ္မဏီက သူ့ကိုလက်မခံပါဘူး။ အထက်တန်း ကျောင်း ပြီးတစ်ယောက်အနေနဲ့ အလုပ်ရှားတာကို သူသိလိုက်ပါတယ်။ Call Center တွေမှာ အထက်တန်းကျောင်းပြီးရုံနဲ့အလုပ်ရနိုင်တယ်ဆိုတာကိုလည်း သိပေမယ့် သူဟာ စကားအပြောအဆို ညံ့ဖျင်းသူ တစ်ယောက်လို့လည်း သိထားတဲ့အတွက် ယင်းအလုပ်ကို မလျှောက်ခဲ့ပါဘူး။ ဒါနဲ့ မိသားစု စာဝတ်နေရေး ပြေလည်ဖို့အတွက် ကြက်ဥပြုတ်ရောင်းတဲ့ အလုပ်ကိုပဲ သူ စတင်လုပ်ကိုင်ပါတော့တယ်။ နေ့ရောညပါ အားရင် အားသလို ကြက်ဥပြုတ်ရောင်းပါတယ်။ ဒီအတွက်လည်း ရထားစီးပြီး ခရီးသွားရတာပါ။ နောက်တော့ ရထားစီးဖို့ ပိုက်ဆံကိုတောင် မသုံးတော့ပဲ လမ်းလျှောက်သွားတဲ့အထိ သူ ချွေတာခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ အင်တာနက် အသုံးပြုဖို့ပါ။ သူက အိုင်တီမှာ လေ့လာချင်စိတ်လေး ရှိနေသူ ဖြစ်ပါတယ်။ ဒါနဲ့ ဝဘ်ဆိုဒ်တွေတစ်ခုပြီး တစ်ခုလေ့လာရင်း အွန်လိုင်းအခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေ တွေ့ ပါတယ်။ နောက်တော့ Tesda က ပေးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ်မျိုးကိုတောင် ရှာတွေခဲ့ပြီး ပထမဆုံး အွန်လိုင်းကနေ စတင်လေ့လာပါတယ်။ အွန်လိုင်းမှာပဲ သူတို့ ပေးတဲ့ Tutorial တွေ၊ Test တွေ ကိုယ်တိုင် လေ့လာရင်း Data programming နဲ့ PHP Server site encryption သင်တန်းတက်ဖို့အတွက် စကော်လာရရှိခဲ့ပါတယ်။ ဒီအတွက် Quezon City က Informatics College မှာ သွားတက်ရမှာပါ။ သူနေတဲ့ မြို့  Angono ကနေ ဆိုရင် ရထားစီးသွားရမှာ ဖြစ်ပေမယ့် ၃ နာရီလမ်းလျှောက်ခရီးကို သူရွေးချယ်ပါတယ်။ သူဟာ အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။

အသွားကော၊ အပြန်မှာပါ။ ကြက်ဥပြုတ်ရောင်းပြီး အတန်းထဲက စာတွေကိုလည်း စိတ်ဝင်တစား လေ့လာပါတယ်။ အလုပ်တစ်ဖက်နဲ့ စာကြိုးစားတဲ့ Emerson ဟာ အခန်းတွင်း စာမေးပွဲမှာ အမှတ်အများဆုံး ရရှိပြီး Top scholar တစ်ဦး ဖြစ်လာပါတယ်။ ဒါကြောင့် သင်တန်းပြီးသွားချိန် သူ့ကို ကျောင်းပိုင် Web development team ထဲ ဝင်ဖို့ ငှားရမ်းပြီး IT Project ကြီးများကို ဦးဆောင်စေပါတယ်။ လက်ရှိ Informatics College ရဲ့  အွန်လိုင်း Student Portal ကိုလည်း သူပဲ ဦးဆောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။

ဒါကြောင့် သူဟာ ကြက်ဥပြုတ်ရောင်းတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စွန့်လွတ်လိုက်ပါပြီ။ မိသားစု စားဝတ်နေရေးအတွက် ကွန်ပြူတာရှေ့ မှာ code တွေရေးရင် အဆင်ပြေနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့  ကြိုးစားမှု ကြောင့်လည်း လက်ရှိ ကျောင်းတက်နေစဉ်မှာပဲ အလုပ် Project များကို ဖန်တီးလို့ ပညာသင်ရင်း တစ်ဖက် အသက်မွေးဝမ်းကျောင်း လျက်ရှိတယ်လို့ သိရပါတယ်။
.
Ref: dyknow
International news for myanmar

Tuesday, September 3, 2013

ဂျာမနီက မြေအောက် ရထား ဂိတ်ပေါက်




ဂျာမနီနိုင်ငံ၊ Frankfurt မြို့ မှာ ရှိတဲ့ မြေအောက်ရထား ဂိတ်ပေါက် တစ်ခု ဖြစ်ပါတယ်။

Bockenheimer Warte ကိုသွားမယ့် မြေအောက်ရထားဘူတာရုံသို့ သွားရာ လမ်း ဖြစ်ပြီး ရထားတစ်စီးမြေအောက်ထိုးစိုက်နေတဲ့ ပုံစံမျိုး တည်ဆောက်ထားပါတယ်။ ၁၉၈၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန် တည်ဆောက်တုန်းက သိပ် မထူးခြားပေ မယ့် ၂၀၀၁ ခုနှစ်ရောက်မျာ သေချာ ပြန်လည် ပြုပြင် မှုကြောင့် တကယ့် ရထား တစ်စီး ထိုးစိုက်နေတဲ့ ပုံစံကို ရရှိခဲ့ပါတယ်။

ယင်း ရထားဘူတာဂိတ်ပေါက်ကို ကမ္ဘာ့အထူးခြားဆုံး ဘူတာ ဂိတ်ပေါက် (World’s Coolest Subway Entrance) အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ။်
--
Ref: techblog
International news for myanmar

ချောက်ကမ်းပါးစွန်းက ဝရံတာ



မောင်းကန်တံတား ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်က Colorado မြစ်နားက Grand Canyon ကျောက်တောင် ပေါ်မှာ ဆောက်ထားတာ ဖြစ်ပါတယ်။ 

သူ့ကို Grand Canyon Skywalk လို့အမည်ပေးထားပြီး အောက်က မြစ် ကနေ ပေပေါင်း ၁၁၆၀ မက အမြင့်မှာ တည်ရှိပါတယ်။ မြေငလျင် မဂ္ဂနီကျု ၈.၀ အဆင့်၊ ပြင်းအားမြင့် လေမုန်တိုင်းကို ခံနိုင်ရည် ရှိအောင် ဖန်တီး ထားပြီး တံတားပေါ် ဘိုအင်း ၇၄၇ အဆင့် လေယာဉ် လာနားတောင် ပျက်မကျအောင် ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ထားပါတယ်။ 

လူ ၈၈၀ ကျော် တက်လို့ရအောင် ဆံ့ပေမယ့် အများဆုံး လူ ၁၂၀ သာ တက်ဖို့ ခွင့်ပေးထားပါတယ်။ မှန်များကို အသုံးပြုတည်ဆောက် ထားခြင်း ဖြစ်တဲ့အတွက် အသည်းငယ်သူတို့ မတက်သင့်တဲ့ ချောက်ကမ်းပါး တံတား ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် မတ်လ ၂၈ ရက်နေ့က စတင်ဖွင့် လှစ်ပြီး နေ့စဉ် လူစည်ကားပါတယ်။ 

Grand Canyon Skywalk ကို ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည် ပတ်မှုများပြားကြောင်း သိရပါတယ်။ 
---
Ref:wiki
International news for myanmar

ဂြိုလ်သားကျွန်း



ထူထူးဆန်းဆန်း အပင်တွေ ပေါက်လို့ ဂြိုလ်သားကျွန်း (Alien Island) လို့ ခေါ်ပါတယ်။ Socotra ကျွန်းစုကတော့ တရားဝင် အမည် ဖြစ်ပါတယ်။ 

ရီမင်သမ္မတနိုင်ငံပိုင် ကျွန်းတစ်ခု ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ထဲမှာ တည်ရှိ ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပဲ ကမ္ဘာရဲ့  ဘယ်နေရာဒေသမှာမှ မပေါက်တဲ့ အပင်များ ဖြစ်ပါတယ်။ ဧရိယာအားဖြင့် ၁၄၅၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းကျင် ရာသီဥတုကတော့ ခြောက်သွေ့ပါတယ်။ ဒါကြောင့် အပူဒဏ်ခံပြီး ရေဆုပ်ယူမှုအားနည်းတဲ့ endemic လို့ခေါ်သော အပင်များ လည်း ပေါက်ပါတယ်။ 

သဘာဝပတ်ဝန်းကျင်နဲ့ အပင်များ လေ့လာရေး ပညာရှင်များ အတွက် လေ့လာစရာ များတဲ့ နေရာ ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် များတည်ရှိရာ ကျွန်းတစ်ခုလို့လည်း တင်စားခေါ်ဆိုကြကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar

ကမ္ဘာ့ပထမဆုံး လွဲယိမ်းနိုင်သော တံတား





လန်ဒန်အခြေဆိုက် McDowell+Benedetti အမည်ရ ဗိသုကာအဖွဲ့မှ ကြိုးစား ဖန်တီးပေးထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ 

ဒါကြောင့် ကမ္ဘာ့ပထမဆုံး တစ်ဖက်သို့ လွဲယိမ်းနိုင်သော တံတား အဖြစ် လူသိ များစေခဲ့ ပါတယ်။ အင်္ဂလန်ကျွန်း မြောက်ပိုင်း Yorkshire မှာ ရှိတဲ့ တံတား ဖြစ်ပါတယ်။ စတီး၊အလူမီနီယံတို့နဲ့ တည်ဆောက်ထားတဲ့ ယင်း တံတားကို အဖွင့်အပိတ် အလွယ်တကူ လုပ်နိုင်ပြီး သင်္ဘောငယ်တို့ ဖြတ် သန်း ဖို့အတွက် တစ်ဖက်ကို စုစည်းပေးပါတယ်။

ပြီးတော့ တစ်ဖက်ကမ်းကို ပြန်ဆက်ပြီး ပုံမှန်တံတား အတိုင်း ပြန်ဖြစ် စေပါတယ။် တံတားပေါ်မှာလည်း အပန်းဖြေ အနားယူဖို့အတွက် ဝရံတာဝန်း သဖွယ် ပြုလုပ်ထားပေးပြီး ကမ္ဘာ့ အလှဆုံး မြစ်ကူး တံတား အဖြစ်လည်း မှတ်ယူကြ ပါတယ်။ Swing လို့ပဲ အည်ပေးထားတဲ့ ယင်း မြစ်ကူး တံတားကို ကမ္ဘာ့ ပထမဆုံး လွဲယိမ်းနိုင်သော တံတားအဖြစ် အသိအမှတ်ပြုထားကြောင်း သိရပါတယ်။
.
Ref: wierdknow

International news for myanmar

ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ




ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့ အမည်ပေးထားပါတယ်။

၁၉၉၂ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊ ၆ထပ်၊ ၇ထပ် စတဲ့ အထပ် သုံးထပ်ကို ဟိုင်းဝေးကားလမ်းဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ယင်းအထပ်တွေကို အလိုအလျောက် ကျော် သွားပါတယ်။ ခေါင်မိုးမှာ ရဟတ်ယာဉ် ကွင်းလည်း ထားရှိထားပါတယ်။ 

ဟိုင်းဝေးလမ်း ကြောင့် တိုက်တုန်ခါမှု၊ အသံဆူညံမှု မဖြစ်အောင် အထပ်ပေါင်း များစွာ ခံထားပါတယ်။ ပြီးတော့ တိုက်တစ်ခုလုံးကိုလည်း double core -နှစ်ထပ် ပြုလုပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အစ ကတည်းက ယင်းနေရာမှာ ဟိုင်းဝေးလမ်း ဖြစ်ပြီး Suezawa Sangyo Co. Ltd မှ အစိုးရထံ ခွင့်ပြုချက်တောင်းလို့ ကြိုးစားတည် ဆောက်ခဲ့ တာ ဖြစ် ပါတယ်။ တည်ဆောက်ပေးတဲ့ ကုမ္မဏီကတော့  Sato Kogyo Co. Ltd. ဖြစ် ပါတယ်။

ယခုချိန်မှာတော့ Gate Tower မှာ ပုဂ္ဂလိက ရုံးနဲ့ ကုမ္မဏီအချို့ အခြေဆိုက်ပြီး ဂျပန်နိုင်ငံရဲ့  ပထမဆုံး ဟိုင်းဝေးလမ်းဖောက် တာဝါအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar

ကြွက်ထောင်ချောက် ပမာ





ကြက်၊ ဝက်၊ နွား၊ ဆိတ် တို့ကို တစ်ကောင်ဆီ တစ်ပိုင်တစ်နိုင် မွေးမြူထား တဲ့ အိမ်တစ်အိမ်မှာ ဖြစ်ပါတယ်။

ကြွက်ထောင်ချောက် အိမ်အဝမှာ ထားရှိတာကို ကြွက်ကလေးတစ်ကောင် က တွေ့လိုက်ပါတယ်။ ဒါနဲ့ ခြံထဲမှာ ရှိတဲ့ ကြက်ကို သွားပြောပါတယ်။


"အထဲမှာ ကြွက်ထောင်ချောက် ရှိတယ်"

ဒါအဲ့ ကြက်က "ကြွက်ထောင်ချောက်က ကျုပ်နဲ့ မဆိုင်ဘူး။ ခများ သာ အန္တရာယ် ကင်းပါစေ" လို့ ပြန်ပြောသတဲ့။

ဒါနဲ့ ကြွက်ကလေးက ဝက်ကို သွားပြောတော့လဲ

"အဲဒါ ငါ့အပူမဟုတ်ဘူး။ နင့်အပူ" လို့ပြောပြီး မောင်းထုတ်သတဲ့။ ဒါနဲ့ နွားကို သွားပြောတော့လဲ မထူး၊ ဆိတ်ကိုသွားပြောတော့လဲ မထူး ဂရုမစိုက်တဲ့ အပြင် ကြွက်ကလေးကိုတောင် မောင်းထုတ် လိုက်ပါသေးတယ်။

တစ်ညရောက်တော့ ထောင်ချောက်မှာ အကောင်တစ်ကောင် မိပါတယ်။ ညဘက်ဆိုတော့ မောင်နေချိန် ထကြည့်တဲ့ အမျိုးသမီးကို ထောင်ချောက်ထဲက မြွေဟောက်က လှမ်းပေါက်လိုက် ပါ တော့တယ်။

ဒါနဲ့ပဲ အမျိုးသမီးကို ဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံတက်တုန်း အားပြည့် အောင် စားသောက်ဖို့ဆိုပြီး မွေးထားတဲ့ ကြက်ကို သက်ပြီး စွတ်ပြုပ် လုပ်တိုက်ပါတယ်။

ဆေးရုံမှာ မသက်သာတော့ အိမ်ခေါ်နေပြီး နောက်ထပ် ဆိတ်သား စွပ်ပြုတ် လုပ်ကျွေး ပါတယ်။ နောက်လည်း ချက်ကျွေးစရာ မရှိတာနဲ့ ဝက်သား စွပ်ပြုတ် လုပ်ကျွေးရပြန်ပါတယ်။ နောက်တော့လည်း မထူးပါဘူး။ အမျိုးသမီး ကွယ်လွန်သွားရပါတယ်။

ဒီတော့ ကွယ်လွန်တဲ့ အမျိုးသမီးကို မီးသင်္ဂြုလ်ပြီး ရက်လည် ဆွမ်းကပ်ပွဲလေး ကျင်းပ တော့ ဧည့်သည်တို့ စားဖို့အတွက် ကျန်ရှိတဲ့ နွားကို သတ်ပြီး အမဲသားဟင်းနဲ့ ဧည့်ခံ ကျွေးမွေးပါတယ်။ ဒါကြောင့် နောက်ဆုံး မှာ မွေးထားတဲ့ ကြက်၊ ဝက်၊ နွား၊ ဆိတ် အားလုံး ဟင်းစား ဖြစ်သွား ရပါတယ်။

သင်ခန်းစာ

အထက်ပါ ပုံပြင်ထဲကလိုပါပဲ။ လုပ်ငန်းခွင် တစ်ခုမှာ၊ အဖွဲ့အစည်း တစ်ခုမှာ အခက်အခဲ တစ်ခုခု ကြုံတွေ့လာရရင် လူတွေဟာ ဒါငါနဲ့ မဆိုင်ပါဘူးဆိုတဲ့ စိတ်ထားမျိုးနဲ့ ရှောင်လွဲတတ်ကြပါတယ်။ အချို့ ဆိုရင် အကူအညီ မပေးနိုင် တဲ့အပြင် ကိုယ့်အပေါ် ဆိုးကျိုးသက်ရောက်မှာ ဆိုးတဲ့အတွက် တစ်ဖက်သားကို ထိခိုက်နစ်နာအောင်ပါ ပြုလုပ်တတ်ပါသေးတယ်။

ယင်းလုပ်ရပ်များဟာ အင်မတန်မှားယွင်းပြီး တစ်ယောက်ယောက်က ဒုက္ခ ရောက်နေရင်၊ ကိုယ်နဲ့ တစ်နည်းမဟုတ် တစ်နည်းနဲ့ သက်ဆိုင် လာမယ်ဆိုတာ ကို သိထားရင် အတတ်နိုင်ဆုံး ဖေးမ ကူညီရမှာပဲ ဖြစ်ပါတယ် ။

.
အောင်ခမ်း (TSJ team)

ယီမင်နိုင်ငံမှ နှစ်တစ်ရာကျော် တံတား - Shahara Bridge




တောင်နှစ်လုံးကြား ဆက်သွယ်တဲ့ လမ်းမရှိပါဘူး။ ယင်းခရီးကိုသွားဖို့ အတွက် နှစ်နာရီတောင်ကြာပါတယ်။ သို့ပေမယ့် ယခုလို တံတား ထိုး လိုက်တော့ ခရီးက မိနစ်ပိုင်းပဲ ကြာပါတော့တယ်။ 

အာရှအနောက်ပိုင်း ယီမင်သမ္မတနိုင်ငံမှာ တည်ရှိတဲ့ Shahara အမည်ရ တံတားဖြစ်ပြီး ၁၉၀၅ ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့တုန်းက ရွှေဒင်္ဂါးပြားတစ်ရာ ရောင်းချရငွေနဲ့ တည်ဆောက်ခဲ့ကြ တာ ဖြစ်ပါတယ်။ ယနေ့ခေတ်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်ပဲ ကုန်ကျတဲ့ တံတား လို့ ဆိုပါတယ်။ 

အုတ်နဲ့တည်ဆောက်ထားပြီး နှစ်ပေါင်း ၁၀၀ မက ကျော်လွန်သည့်တိုင် အသုံးပြုလို့ရနေသေးတဲ့ Shahara တံတားကို ကမ္ဘာ့ အံ့ဖွယ် တံတား များထဲမှာ တစ်ခုအဖြစ် မှတ်တမ်း တင်ထားကြောင်း သိရပါတယ်။ 
--
Ref: knowledgeus
International news for myanmar
--

ဆင်းရဲတယ်၊ချမ်းသာတယ်ဆိုတာ


အင်မတန်ချမ်းသာကြွယ်ဝတဲ့ အဖေဟာ ကိုးနှစ်အရွယ် သားလေးကို အပြင်လောကမှာ ဘယ်လောက်ထိ ဆင်းရဲကြောင်း သိအောင် ခရီးတစ်ခု ခေါ်သွားပါတယ်။ 

လယ်ကွင်းထဲမှာ ၂ ညအိပ်ပြီး ရွာတွေလည့်လို့ နောက်ဆုံးတော့ အိမ်ကို ပြန်လာပါတယ်။ အိမ်ရောက်တော့ အဖေက သားကို ခရီးမှာ ဘာတွေ တွေ့ခဲ့လည်း မေးတဲ့အခါ --

"သားတို့ဆီမှာ ရေကူးကန်ပဲရှိတာ။ သူတို့ဆီမှာ မြစ်ကော၊ ပင်လယ်ကော ရှိတယ်။ သားတို့က ဟင်းရွက်တွေ ဝယ်စားရတာ။ သူတို့က ကိုယ်တိုင် စိုက်စားတယ်။ သားတို့အိမ်ကို နံရံတွေ ပတ်လည်ဆောက်ထားတယ်။ သူတို့ အိမ်က ဘေးမှာ မိတ်ဆွေတွေအိမ် ဝန်းရံထားတယ်။ သားတို့မှာ ခွေး တစ်ကောင်ပဲ မွေးထားတာ။ သူတို့ဆီမှာ ခွေးတွေ အများကြီးပဲ။ သားတို့အိပ်ရင် အပေါ်မှာ မျက်နှာကြက်ပဲ မြင်ရတယ်။ သူတို့က ကြယ်တွေကို မြင်ရတယ်။ သားတို့က ပူရင် လေအေးပေးစက်ဖွင့်တယ်။ သူတို့က ပူရင်အိပ်ဖို့ အိမ်ရှေ့ ကွတ်ပျစ် ရှိတယ်။ သူတို့က သားတို့ထက် အများကြီး ချမ်းသာတယ် ဖေဖေ"  လို့ ပြန်ဖြေခဲ့ပါတယ်။ 


----------
----------
----------
----------

သင်ခန်းစာ -

ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ အပြင်ပန်း ဂုဏ်၊ ငွေတို့နဲ့ မသက်ဆိုင် ပါဘူး။ ဘဝကို အကောင်းမြင် နားလည်ပေးနိုင်တဲ့ စိတ်ကသာ လူကို ချမ်းသာစေတာ ဖြစ်ပါတယ်။ 

လက်မပါ ပန်းချီပညာရှင်




Huang Guofu အမည်ရ တရုတ်လူမျိုးဟာ အသက် ၄ နှစ်သားတုန်းက အက်ဆီးဒန့်တစ်ခုကြောင့် လက်နှစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။ အသက် ၁၂ နှစ်သားကစလို့ ခြေထောင်ဖြင့် ပန်းချီဆွဲခြင်းကို ကိုယ်တိုင်လေ့ကျင့် သင်ကြားခဲ့ပြီး နေ့မအိပ်၊ညမအိပ်ကြိုးစားခဲ့ပါတယ်။

 အသက် ၁၈ နှစ်ရောက်တော့ ပန်းချီဆွဲရင်း အသက်မွေးမယ် ဆုံးဖြတ်ချက် နဲ့ ကျောင်းထွက်ပါတယ်။ ဖျားနေတဲ့ အဖေအိုအတွက် ဆေးဖိုးလည်း လိုအပ်နေလို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကြိုးစား ပန်းစားဆွဲရင် Huang ရဲ့  ပန်းချီကားများ လူသိများ အောင်မြင်လာပြီး နိုင်ငံခြားသားများတောင် ဝယ်ယူလာကြ ပါတယ်။

ယခု ဆိုရင် Chonqing Talents Museum မှာလည်း သူ့ပန်းချီကားများ ကို မြင်တွေ့နိုင်ပြီး ကမ္ဘာတစ်လွှားကနေ အော်ဒါမှာ ဝယ်ယူသူ များပြားကြောင်း သိရ ပါတယ်။
--
Ref:maze-facts
International news for myanmar

မိုးပျံကား ဖြန့်ချိရောင်းချတော့မည်



အမေရိကန်အခြေဆိုက် Terrafugia တို့ ကြိုးစားပန်းစား ဖန်တီးနေတဲ့ မိုးပျံကား ကို ဈေးကွက်သို့ တက် ရောင်းချ နိုင်တော့မှာ ဖြစ် ပါတယ်။ ဈေးနှုန်း ကတော့ အမေရိကန်ဒေါ်လာ ၂၇၉၀၀၀ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂သိန်း ၈ သောင်း နီးနီးပါ။


ဒီတော့ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်း ၂၅၀၀ ဝန်းကျင် ဖြစ်ပါတယ်။ ဒီတော့ သွင်းလို့ရသည်ရှိ မရသည်ရှိ သာမန် ကားတင်သွင်းနေကျ ဥပဒေနဲ့ တွက်ကြည့်တော့ မြန်မာကျပ်ငွေ သိန်း ၇၀၀၀ ထောင် လောက် တတ်နိုင်ရင် ဝယ်စီးနိုင်မယ့်ကားမျိုး ဖြစ်သည်လို့ ခန့်မှန်းမိလိုက်ပါသေးတယ်။ ဒီအတွက် အမေရိကန်မှာတော့ Law and Regulation ဆွဲပြီးသွားပြီလို့ဆိုပါတယ်။ သူက ကုန်းကြောင်းသွား ကားဥပဒေနဲ့ လေပေါ်သွား လေယာဉ်ပျံ ဥပဒေ နှစ်မျိုးကိုရောလို့ လိုင်စင်ချပေးပြီး ရောင်းရတာလေ။ ဒီတော့ ဝယ်မယ့်သူက ပိုင်းလော့မကျ၊ ဒရိုင်ဘာမကျ ဘဝကိုရောက်မယ် ထင်ပါတယ်။

သို့ပေမယ့် ကားပျံ တစ်စီးဖြစ်ကြောင်းသာ ဆိုထားပါတယ်။ ဒီတော့ အတွင်းမှာ ကားအင်ဂျင်လုပ်ဆောင်ချက်များက သာမန်ကားတစ်စီး အတိုင်းဖြစ်မယ်။ သို့ပေမယ့် ပျံသန်းတော့မယ်ဆိုရင် လည်စေမယ့် အူတိုင်က ဘီးမဟုတ်တော့ပဲ ပန်ကာဘက်ကို ပြောင်းမှာ ဖြစ်ပါတယ်။ ဆီစားကတော့ သာမန် ကား Gasoline ကိုပဲ အသုံးပြုလို့ နိုင် မှာ ဖြစ် ပါတယ်။ လေယာဉ်ဆီ သုံးစရာမလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆီစား ကတော့ တော်တော်လေးများလိမ့်မယ်လို့ ခန့်မှန်းမိကြပါတယ်။ ထုတ်လုပ်တဲ့ ကုမ္မဏီကတော့ Terrafugia ရဲ့  ဆီစားနှုန်းဟာ သာမန်ကားတစ်စီးနဲ့ မထူးမခြားနားဖြစ်အောင် ကြိုးစား ဖန်တီးထားသတဲ့။

တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ မိုးပေါ်မှာမောင်းနှင်နိုင်ပါတယ်။ မိုးပေါ် တစ်ခါပြန် တက်ဖို့အတွက် ပေ ၁၇၀၀ ခရီးတော့ လိုသတဲ့။ ဒီတော့ မီးပွိုင့်မိနေတုန်း မိုးပေါ်ပျံမယ်ဟေ့ဆိုပြီး ထပြန်လိုက်လို့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ နဂိုကလည်း ပျံချင်ရင် အိမ်က စထွက်ကတည်းက ပျံရမယ့် အနေအထားမှာ ရှိပါတယ်။ သို့ပေမယ့် မီးပွိုင့်မိမယ်ဆိုတာ မီတာ ၆၀၀ လောက်ကို ကြိုမြင်ပြီဆိုရင်တော့ ပျံနိုင်လောက်မယ် ထင်ပါတယ်။ လေယာဉ်ပျံလို လည်း မောင်းရတာ ရှုပ်မယ့်ကားလည်း မဟုတ်ပါဘူး။ အတွင်းခန်းက ထိန်းချုပ်စနစ် အားလုံးဟာ ကားတစ်စီးလိုပဲ ဖြစ်ကြောင်း ဆိုထားပါတယ်။

ယခုနှစ်အတွင်း အမေရိကန်မှာ စတင်ဖြန့်ချိရောင်းချ သွားပြီး ကမ္ဘာအနှံ့ဖြန့်ချိဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)

စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်



လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။ 


စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေးထားပြီး သူ့လည်ပတ်မှု ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း စက်ရုပ်စားဖိုမှူး များ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင် ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင် သိအောင် Control Room ကနေလည်း ထိန်းချုပ် ပေးနိုင်ပါတယ်။ 

သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။ စက်ရုပ်ဆိုတော့ ထမင်း မစား ပါဘူး။ လျှပ်စစ်ဓာတ်အားသွင်းတဲ့အချိန်က ထမင်းစားချိန်ပါပဲ။ ၂ နာရီအားဖြည့်ပြီးရင် ၅ နာရီမနားတမ်းအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ယင်း ကဲ့သို့ စက်ရုပ်တွေချည်း လုပ်ကိုင်သော စက်ရုပ်စားသောက်ဆိုင်ကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: techblog
Aung Kham (TSJ team)

ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ


အပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်းမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ်ကူးနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ် ကျင်းပပေးတယ်လို့ ဆိုပါတယ်။ ရာသီဥတုကြောင့် ရေတက်လာရင်လည်း မြှုပ်မသွားနိုင်အောင်၊ ပုံမှန်အတိုင်း ကြည့်လို့ရအောင် အတိမ်အနက်ကိုလညး တွက်ချက်ထားပါတယ်။ အပေါ်မြင့် ယူလို့ ရသလို၊ အောက်လည်း ချလို့ ရပါတယ်။

 ပင်လယ်ရေပြင်ပေါ်မှာ ရုပ်ရှင်ကြည့်လို့ ရအောင် ဖန်တီးပေးလိုက်နိုင်တဲ့ ဂျာမနီ ဒီဇိုင်နာရဲ့  စိတ်ကူးဟာ ကမ္ဘာကျော်သွားပြီး Kudu Noi ကို အလည် လာ သူအများစုဟာ ရေပေါ်က ရုပ်ရှင်ရုံကို လာရောက် အားပေးလျက် ရှိတယ်လို့ သိရပါတယ်။
--
Ref: huffingtonpost
Aung Kham (TSJ team)

ပါးစပ်မှ အကောင်ပေါက်သော ဖား






Gastric-Brooding အမည်ရတဲ့ ဖားမျိုး ဖြစ်ပါတယ်။ ဥကို ဝမ်းမှာ သိုလှောင်ပေမယ့် အကောင်ကျ ပါးစပ်ကနေ ပေါက်ပါတယ်။ 

သြစတေးလျနိုင်ငံအရှေ့ ပိုင်း Queenland ဒေသမှ တွေ့ရှိရတဲ့ ဖား တစ်မျိုး ဖြစ်ပြီး ၁၉၇၀ ခုနှစ်ကတည်းက တွေ့ရှိခဲ့တာ ဖြစ်ပေ မယ့် နှစ်လေးဆယ်ကျော်မှ ပြန်လည် လူသိများခဲ့တာ ဖြစ်ပါတယ်။ တကယ်ပဲ အကောင်ပေါက်ဖို့အတွက် ပါးစပ်ကို အသုံးပြုပြီး မွေးဖွား ပါတယ်။ 

စိုစွတ်တဲ့ ကုန်းမြင့်ဒေသတွေမှာသာ ရှင်သန်ပေါက်ဖွားတဲ့ Gastic-Brooding ဖားမျိုးများဟာ ကမ္ဘာ့ရှားပါး ဖားမျိုးဖြစ်ကြောင်း သိရ ပါတယ်။ 


--
Ref: myscienceacademy
International news for myanmar

သမိုင်းတွင် အကြီးကျယ် အခမ်နားဆုံး ခံတပ်





နယ်သာလန်နိုင်ငံ၊  မြောက်ဘက်အစွန်း Groningen ပြည်နယ် Bourtange ရွာမှာ တည်ရှိနေတဲ့ ခံတပ်တစ်ခု ဖြစ်ပါတယ်။


နယ်သာလန်ရဲ့  အကြီးကျယ်ဆုံး နေရာထဲမှာ တစ်ခုအပါဝင် ဖြစ်ပါတယ်။ ဘာလို့လဲဆို တစ်နိုင်ငံလုံး ဂျာမနီလက်အောက်ရေက်ချိန် ယင်းခံတပ်ရဲ့  အထောက်အပံ့ကြောင့် ဂျာမန်လက်အောက်ရောက်ရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့လို့ ဖြစ်ပါတယ်။

၁၅၉၃ ခုနှစ်က ဘုရင်ခံ William the I of Orange မှ တည်ဆောက်ခိုင်းလို့ ဖြစ်ပါတယ်။ အဲ့တုန်းက Groningen ပြည်နယ်ဟာ စပိန်ရဲ့  သိမ်းပိုက်ထားမှုကို ခံထားရပြီး တစ်ဖက်ကလည်း ဂျာမနီတပ်များ ခြံရံနေပါတယ်။ ဒီတော့ ဒီတပ်နှစ်တပ်သာ ပေါင်းစုံမိလိုက်ရင် နယ်သာလန်ဆိုတာ ဖွတ်ဖွတ်ကျေအောင် ပျက်ဆီးရမှာမို့ အမျော်အမြင်ကြီး စွာနဲ့ ဆက်သွယ်ရေး လမ်းအလယ်တည့်တည့်မှာ ယခုလို ဧရာမ ခံတပ် အကြီးကြီး တည်ဆောက်ပါတယ်။

ကြယ်ပုံသကဏ္ဍာန် အကွင်းပေါင်းများစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့်မှာ ရွှံ့ နွံတွေ၊ ရေတွေ၊ လက်နက်ဗုံးတွေ အဆင့်ဆင့်ခံပါတယ်။ အမြောက်တပ် ခေတ်စားတဲ့အချိန်ဆိုတော့ အမြောက်ဒဏ်ခံနိုင်အောင် သူ့ခေတ်သူ့ခါ နည်းပညာနဲ့ တည်ဆောက်ထားပါတယ်။ တကယ်လည်း ခံနိုင်ပါတယ်။ စပိန်ရဲ့ တိုက်စစ်ကို တွန်းလှန်နိုင်ပြီး Groningen ပြည်နယ်ကို ပြန်ရပါတယ်။

ဂျမနီတပ်လည်း နယ်သာလှန်နိုင်ငံကို ဝင်သိမ်းပါတယ်။ ပြည်နယ်အားလုံး သိမ်းလို့ပြီးပေးမယ့် ယင်း ခံတပ် Bourtange တစ်ခုတည်း ကပ်ကျန်နေပါတယ်။ ယင်းတပ်မှာလည်း နယ်သာလှန်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဂျာမနီတို့ ထိုးစစ်က ခံတပ် Bourtange ကို ရောက်ဖို့ထပ် သူ့ရွှံ့ နွံတွေမှာပဲ ဇာတ်သိမ်းသွားပါတယ်။ နောက်ဆုံး ဂျာမနီတွေ တပ်ပြန်ဆုပ်ရလောက်အောင်ကို Fort Bourtange က ဂုဏ်အရှိန်အဝါ ကြီးမားလှပါတယ်။

၁၅ ရာစုကတည်းက နယ်သာလှန် ဆောက်လုပ်ရေး အင်ဂျင်နေယာတွေ ဘယ်လို စွမ်းတယ်ဆိုတာကို ယနေ့တိုင် သက်သေပြနေပါတယ်။ အမြောက်တပ် ရှိရင် နိုင်ငံသိမ်းနိုင်တယ်ဆိုတဲ့ သမိုင်းကိုလည်း ယင်းခံတပ်က သက်သေပြသွားပါတယ်။

ယနေ့မှာတော့ ပြတိုက်တစ်ခုအနေနဲ့ တည်ရှိနေပါပြီ။ နယ်သာလှန်နိုင်ငံရဲ့  ကြီးကျယ်မြင့်မြတ်ခဲ့တဲ့ စစ်တပ်နဲ့ ဘုရင်များအကြောင်းကို လေ့လာ လိုသူများအတွက် အကောင်းဆုံးနေရာများထဲမှာ Fort Bourtange ဟာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham (TSJ team)

၉၉ စီးသာထုတ်သော အဆင့်မြင့်စူပါကား GTA Spano

စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီး ဖြန့်ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။


ကားရဲ့ဒီဇိုင်းအား အမြင်ဆန်းနေပြီး အမိုးကို မှန်အနက်နဲ့ ပြုလုပ်ထားပါတယ်။ အသုံးပြုတဲ့ အင်ဂျင် ကတော့ ဆလင်ဒါ ၁၀လုံးအားဖြည့် ၈၃၀၀ စီစီ  Vအင်ဂျင် ဖြစ် ပါတယ်။ ဒါကြောင့် သူ့ရဲ့ မြင်းကောင်ရေ အားဟာ ၈၂၀ အထရှိပြီး အမြင့်ဆုံး speed တစ်နာရီ ၂၁၇ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဘော်ဒီကို ကာဘွန်ဖိုက်ဘာ၊ တိုက်တေနီယမ်၊ Kevlar သတ္တုအားလုံး ဆီလျော်သလို ရောစပ် တည်ဆောက်ထား ပါတယ်။ ဥပမာ- crash ဖြစ်နိုင်ချေများတဲ့ ဦးပိုင်းတွေကို ဆိုရင် ကာဘွန်ဖိုက်ဘာ ပါဝင်မှု နည်းမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ သတ္တုအမျိုးအစားများဟာ ပေါ့ပါးပြီး ကြံ့ခိုင်မှုရှိတာကို တွေ့ရပါတယ်။

အရွယ်အစားအားဖြင့်လည်း အမြင့် ၄၇ လက်မ၊ အရှည် ၁၈၃ လက်မ၊ အကျယ် ၇၈ လက်မ သာရှိတဲ့ နှစ်ယောက်စီး စူပါကား ဖြစ်ပါတယ်။

မြန်ဆန်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဘရိတ်ကို ပစ်စတင်ခြောက်လုံးတပ် ကယ်လီပါနဲ့ အသုံးပြုထားပါ တယ်။ ကာဘွန်ကြွေသားနဲ့လုပ်တဲ့ Disc ကြောင့်မို့ ဘယ်လောက် မြန်မြန် ထိန်းချုပ်ရလွယ် ကူပြီး ABS စနစ်ကို အသုံးပြုပါတယ်။ ဂီယာ ၇ ချက် လက်ထိုး ဖြစ်ပေမယ့် Automatic sequential လည်းပါဝင်ပါသေးတယ်။

တစ်ကမ္ဘာလုံးမှာမှ အစီးရေ ၉၉ စီးသာရှိတဲ့ အတွက် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ကိုးသိန်းခွဲ အထက်မှာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးကြီး ကားစာရင်းထဲမှာ ပါဝင်နေတဲ့ ကားတစ်စီးလည်း ဖြစ်နေ ပါသေးတယ်။

အောင်ခမ်း (TSJ team)
http://www.colayonline.com.mm/automobile/














မြွေမဟုတ်သော ပိုးကောင်




ရုတ်တရက်ကြည့်လိုက်ရင် မြွေအတိုင်းပါပဲ။ သို့ပေမယ့် သူက မြွေမဟုတ်ပါ ဘူး။ အပင်တွေမှာ တွယ်ကပ်တတ်တဲ့ ပိုးကောင်သာ ဖြစ်ပါတယ်။ 


သို့ပေမယ့် ဦးခေါင်းကို မြွေတစ်ကောင်လို ထင်ရအောင် ဖန်တီး ဟန်ဆောင် နိုင်စွမ်းရှိပါတယ်။ အခြား တိရစ္ဆာန်များ လာရောက်တိုက်ခိုက် လာတော့မယ်ဆိုရင် ယခုလို မြွေခေါင်းပုံပေါက်အောင် ဖန်တီးယူပါတယ်။ 

Hemeroplanes triptolemus လို့အရှည်ခေါ်တဲ့ Larva တစ်မျိုးပဲ ဖြစ် ပါတယ်။ အမေရိကတိုက် အလယ်ပိုင်း အီကွေဒေါ၊ အာဂျင်တီးနား၊ ကိုလံဗီယာ၊ ဗင်နီ ဇွဲလားတို့လို နိုင်ငံမှာ အတွ့များတဲ့ ပိုးကောင်များ ဖြစ်ကြောင်း သိရပါတယ်။ 
---
Ref: wiki
International news for myanmar

ပန်းချီ ဆရာ မျိုးမင်းဇော် (ပျဉ်းမနား) ရဲ့ ဆေးပန်းချီများ

ပန်းချီ ဆရာ မျိုးမင်းဇော် (ပျဉ်းမနား) ရဲ့ ဆေးပန်းချီများ ။ 10/38-ဗိုလ်မင်းလမ်း ရန်အောင် ၁ ဓမ္မာရုံ မြောက်ဘက်အနီး ငွေတောင်ရပ် ပျဉ်းမနား

 

ကျေးဇူးတင်ပါသည်
ကြိုင်ကြီး...............
Related Posts Plugin for WordPress, Blogger...