Wednesday, August 28, 2013

လခ စားလေး

××××××××××××××××
အခုန်သန်တဲ့ ခြင်္သေ့တွေက
ငါ့အိပ်ကပ်နံရံကို ကျော်လွှားဖို့အသင့်စောင့်နေကြတယ်……..
၃၀ ကျော်မှဝင်လာမယ့် ဆင်တွေကတော့
မှုန်ပြပြ ဝေးဝေးမှာ အေးဆေးစွာ ချီတက်ဆဲ

တောလိုက်မုဆိုး မဟုတ်တဲ့ကျွန်တော်လဲ
“တောက်” ခေါက်နေယုံကလွဲလို့……..
ခုန်ချဆဲ ခြင်္သေ့တွေကို မတားမြစ်နိုင်ခဲ့သလို
မ၀င်ချင်တဲ့ ဆင်တွေကိုလည်း မောင်းသွင်းချင်လို့ မဖြစ်ခဲ့ဘူး…………

လူတွေက ပြောကြတယ်
“ဆင်းရဲသားက ငါးကိုမျှားတယ်
ချမ်းသာသူက ငွေကိုမျှားတယ်” တဲ့
ကျွန်တော်အတွက်တော့ သရေလေးမျှားနေယုံပါ…………

ရောင့်ရဲနိုင်ပါတယ် ဆိုသူတွေစီးတဲ့ကားတွေကြားမှာ
ပါကင်မှား မထိုးမိအောင်ကြိုးစားရင်း
စီးတဲ့ ဖိနပ်ကပါးပါးလာတယ်
တစ်နေ့တစ်ခြား အသက်ကြီးလာတာကလွဲရင်
ကျွန်တော့်အတွက်တော့
ဒီနေ့လည်း မနေ့ကလိုပါပဲ

လျှော်ဖွပ်နေရင်းက
မဖြူစင်ချင်တဲ့ စိတ်ဓါတ်အတွက်
လမ်းလျှောက်တတ်ဖို့ထက်
မတ်မတ်ရပ်ဖို့ ပိုခက်တယ်ဆိုတာပိုသိလာသလို
ဘ၀ဆိုတာကိုလည်း ငြိုငြင်မိပါရဲ့……………..

ဒါပေမယ့်လည်း မထူးတော့ပါဘူးလေ
ငုတ်ရိုက်ထားမိတဲ့ သံမှိုကို ဆွဲမနှုတ်လိုသေးသ၍တော့
မနေ့ကလို ရဲရင့်လိုက်ပါဦးမယ်………..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...